နော်ဝေလူငယ်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းဟာ အသင်းဟောင်း ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာတုန်းက အရမ်းကိုု ခြေစွမ်းပြနိုင်ခဲ့လို့ သူ့ကို ဥရောပကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် ကမ်းလှမ်းလာခဲ့ကြတာဖြစ်ပြီး ဒီအသင်းတွေထဲကမှ ဟာလန်းက ဒေါ့မွန်အသင်းကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဟာလန်းပယ်ချလိုက်တဲ့ အသင်းတွေထဲမှာ စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းလည်း ပါဝင်လို့နေပြီး ဒေါ့မွန်ထက် အရှိန်အဝါပိုကြီးမားတဲ့ ဂျုဗင်တပ်စ်လို အသင်းမျိုးကို ဘာကြောင့်ငြင်းဆန်ခဲ့ရသလဲဆိုတာကို ဟာလန်းရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက ရှင်းပြသွားခဲ့ပါတယ်။

Photo Credit : Getty Image

အသက်(၁၉)နှစ်သာရှိသေးတဲ့ တိုက်စစ်ကစားသမားလေး ဟာလန်းဟာ လက်ရှိမှာတော့ သူရဲ့အသင်းသစ်ဖြစ်တဲ့ ဒေါ့မွန်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသထားနိုင်ပြီး ဘွန်ဒက်လီဂါသွင်းဂိုး (၁၀)ဂိုးကိုတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟာလန်း ဒေါ့မွန်အသင်းကို မရောက်လာခင်မှာ ဂျုဗင်တပ်စ်အသင်းကလည်း ဟာလန်းကို ဆောင်းရာသီစျေးကွက်ထဲမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဟာလန်းကို စီနီယာအသင်းမှာ အသုံးပြုသွားမယ့် ကမ်းလှမ်းမှုမျိုး ဖြစ်မနေတာကြောင့် ကမ်းလှမ်းချက်ကို ပယ်ချလိုက်ရတာဖြစ်တယ်လို့ ရွိုင်အိုလာက ရှင်းပြသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြဖြစ်သူမာရီဇီယိုဆာရီက ဟာလန်းကို ခေါ်ယူပြီး အသင်းရဲ့ တိုက်စစ်မှာ ရော်နယ်ဒို ဒီဘားလား ဟီဂွာအင်တို့ ရှိနေတာကြောင့် သူ့ကို ဂျုဗင်တပ်စ် စီနီယာအသင်းမှာ ချက်ချင်း အသုံးမပြုလိုပဲ ဂျုဗင်တပ်စ်လူငယ်အသင်းဖြစ်တဲ့ ယူ-၂၃အသင်းမှာ ထည့်သွင်းအသုံးပြုဖို့ စီစဉ်ထားခဲ့တာကြောင့် ကစားသမားဘက်ကနေ အဆိုပါ ကမ်းလှမ်းမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ပယ်ချလိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဟာလန်းဟာ သူ့ကို အသေအချာ ကမ်းလှမ်းလာခဲ့တဲ့ ဒေါ့မွန်အသင်းဆီကိုပဲ ပြောင်းရွှေ့သွားခဲ့ပြီး အသင်းနဲ့ ပွဲဦးထွက်မှာပဲ မျှော်လင့်ထားတာထက်ကို ပိုမိုခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းအတွက် ဟက်ထရစ်ရယူပေးနိုင်ခဲ့ပါတယ်။ ဒီလို ဒေါ့မွန်အသင်းအတွက် စွမ်းစွမ်းတမံ ခြေစွမ်းပြနေတဲ့ ဟာလန်းကို ကလပ်အသင်းတွေက လုံးဝလက်မလျှော့နိုင်သေးပဲ လာမယ့်၂၀၂၁ခုနှစ်လောက်မှာ သူ့ကို ကမ်းလှမ်းမှုတွေ ထပ်လုပ်လာနိုင်သလို လောလောဆယ်မှာတော့ သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းက အရမ်းကို အလိုရှိနေပါတယ်။