ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပြင်းထန်တဲ့ တင်ပါးကြွက်သားဒဏ်ရာ ရရှိထားတာကြောင့် ခွဲစိတ်မှု ပြုလုပ်ရဖို့ ရှိနေပြီး ကာလရှည် အနားယူရတော့မယ်လို့ ဒေါ့မွန်အသင်းက တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Bild

ဟာလန်းဟာ ရက်ဘူးလ် ဆဲလ်ဘက်အသင်း ကနေ ဒေါ့မွန်အသင်းထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်လာသလို ဒဏ်ရာပြဿနာလည်း ကင်းရှင်းသူ ဖြစ်တာကြောင့် ယခုလို သူ့အနေနဲ့ ကာလရှည် အနားယူရဖို့ ရှိနေတာဟာ ဒေါ့မွန်အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တရပ်လည်း ဖြစ်ပါတယ်။

နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာလန်းဟာ တင်ပါးကြွက်သား စုတ်ပြဲဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကို ကုသဖို့ အတွက် ၆ပတ်ကြာ အနားယူရဖို့ ရှိနေသလို ဒဏ်ရာကနေ ပြန်လည် သက်သာလာပါကလည်း အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်ရဖို့ ရှိတာကြောင့် ၂၀၂၂ခုနှစ် ရောက်မှသာ ဒေါ့မွန်အသင်း အတွက် ပြန်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

Photo Credit: Bild

ဒေါ့မွန်အသင်းကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြုပေးထားပြီး သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းဟာ တင်ပါးကြွက်သား စုတ်ပြဲဒဏ်ရာကို ရရှိထားကြောင်းနဲ့ ဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ရဖွယ် ရှိကြောင်း ယမန်နေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။

လက်ရှိ ဒေါ့မွန်အသင်းမှာ ဟာလန်းအပြင် အခြား တိုက်စစ်မှူး တဦး ဖြစ်တဲ့ မာလန် ၊ လူငယ် တောင်ပံ ကစားသမား ရေနာ ၊ လူငယ် တိုက်စစ်မှူး မူခိုခို စတဲ့ ကစားသမားတွေ အားလုံး ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် လာမယ့် ပွဲစဉ်တွေမှာ ဒေါ့မွန်အသင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။