လက်ရှိဘောလုံးရာသီမှာ သတင်းစာတွေထဲမှာရော ၊ ဘောလုံးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားနေတဲ့ တက်သစ်စ လူငယ် ကစားသမားကတော့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းပဲ ဖြစ်ပါတယ်။ အသက်၁၉နှစ်အရွယ် သာ ရှိသေးပေမယ့် သူ့ရဲ့ဂိုးသွင်းနှုန်းတွေ ၊ ကြီးမားတောင့်တင်းတဲ့ ခန္ဓာကိုယ် ၊ လျင်မြန်လှတဲ့ ပြေးနှုန်းတွေကြောင့် ဟာလန်းဟာ လက်ရှိမှာ ဥရောပရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသလို သူ့ကို စောင့်ကြည့်နေတဲ့ ဥရောပအသင်းတွေဟာလည်း မနည်းမနောပါပဲ။

Photo Credit: UEFA Champion League.com

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာမှ ဆဲလ်ဘက်အသင်းကနေ ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်းဟာ အသင်းသစ် မှာ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းအတွက် အရေးပါတဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ဂုဏ်သတင်းဟာ ပိုမို မွှေးပျံ့လာခဲ့ပါတယ်။ လက်ရှိမှာ ဟာလန်းက သူဟာ ဒေါ့မွန်အသင်းမှာ ကစားနေသူဖြစ်ပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့ဖခင် ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွားရောက် ကစားဦးမှာဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: UEFA Champion League.com

ပရီးမီးယားလိဂ်မှာ သွားရောက်ကစားမယ့် အကြောင်းကို ဟာလန်းက ” ကျွန်တော့်အတွက် အဖေဟာ အကြီးမားဆုံး အားကျရသူတစ်ဦးပါ။ အဖေ့ထက် ပိုတော်တဲ့ သားတစ်ယောက်ဖြစ်ဖို့ ဆိုတာဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး သူက နော်ဝေလက်ရွေးစင်အသင်းအတွက် ၃၄ပွဲ ကစားပေးထားပြီး ပရီးမီးယားလိဂ်မှာလဲ ပွဲ၂၀၀ကျော် ကစားထားပါတယ်။ အဲ့ဒီအချက် ကို ကျွန်တော် လိုက်မှီဖို့ လိုပါသေးတယ် ” လို့ ဝန်ခံစကားဆိုသွားခဲ့တာပါ။ ဟာလန်းဟာ လက်ရှိဘောလုံးရာသီမှာ ချန်ပီယံလိဂ်သွင်းဂိုး ၁၀ဂိုးအထိ ရရှိထားသူလဲ ဖြစ်ပါတယ်။