သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပေမယ့် သူကတော့ လက်ရှိ မန်ချက်စတာ စီးတီးအသင်းမှာပဲ ပျော်ရွှင်လျက် ရှိနေပါတယ်လို့ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက အင်တာဗျူး အစီအစဉ်မှာ ဖြေဆိုသွားခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ မနှစ်ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး သူရဲ့ စီးတီး ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ တစ်ရာသီလုံး (၅၂)ဂိုးထိ သွင်းယူရင်း Treble Champions ဖြစ်လာခဲ့ရပါတယ်။

Photo Credit : CNN

ဟာလန်းက မန်စီးတီးအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လာမယ့် ၂၀၂၅မှာပဲ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း(၁၈၀)က စတင် အကျုံးဝင်မှာဖြစ်လို့ ဒါကို ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို ထိပ်သီး ကလပ်အသင်းတွေက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

မကြာသေးခင်ကလည်း ဟာလန်းရဲ့အေးဂျင့်တွေနဲ့ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုတို့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်လာခဲ့ပြီး ကောလဟာလတွေ ဖြစ်ပေါ်လာမှုကို ဟာလန်းက “ကျွန်တော် စီးတီးမှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ကျွန်တော့်အနားမှာ ဝိုင်းရံနေကြတဲ့ နည်းပြ ဘုတ်အဖွဲ့ဝင်တွေ ဒါရိုက်တာတွေ တခြားသူတွေအားလုံးနဲ့အတူ ကျွန်တော် ပျော်နေရပါတယ်။”

Photo Credit : FC Barcelona Noticias

“ကျွန်တော်ပြောတာ အခုလက်ရှိ အခြေအနေပါ။ မနက်ဖြန်မှာ အနာဂတ် အခြေအနေက ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူ့မှ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် လက်ရှိတော့ ဒီနေရာမှာပဲ ပျော်ရွှင်နေပါတယ်။ “

“သတင်းမီဒီယာတွေအနေနဲ့ ကောလဟာလတွေကို ကြိုက်သလို ရေးနိုင်ပေမယ့် ကျွန်တော် ပြောခဲ့တာတွေ အားလုံးကို ထည့်ရေးပေးသွားဖို့တော့ လိုပါမယ်။ ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ဟာလန်းက ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲကစား (၂၈)ဂိုးသွင်းပြီး (၆)ဂိုးဖန်တီးပေးထားခဲ့ပါတယ်။