ပြီးခဲ့တဲ့ ရာသီဝက်အပြောင်းအရွှေ့ကာလမှာ ဩစတီးယားကလပ် ဆဲလ်ဘက်အသင်းကနေ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို၂၀သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက်၁၉နှစ်အရွယ် နော်ဝေတိုက်စစ်မှူးလေး ဟာလန်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ အသင်းသစ်အတွက် ပထမဦးဆုံး ချန်ပီယံလိဂ်ပွဲစဉ်ကို ကစားပေးခဲ့ပြီး သွင်းဂိုးနှစ်ဂိုးသွင်းယူပေးသွားနိုင်ပါတယ်။

Photo Credit: Standard.com

ဒေါ့မွန်အသင်းက ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့တဲ့ပွဲစဉ်မှာ ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့ပြီး ၆၉မိနစ်နဲ့ ၇၇မိနစ်တို့မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့ကာ သူ့ရဲ့ ဂိုးသွင်းခြေစွမ်းကို ပြသသွားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၅မိနစ်မှာ တိုက်စစ်မှူး နေမာက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

ဒေါ့မွန်အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ သွင်းဂိုး နှစ်ဂိုး သွင်းယူပြီးတဲ့နောက် ဟာလန်းဟာ တူညီတဲ့ ချန်ပီယံလိဂ်ဘောလုံးရာသီ တစ်ခုထဲမှာ မတူညီတဲ့ အသင်းနှစ်သင်းနဲ့အတူ သွင်းဂိုးတွေ သွင်းယူနိုင်တဲ့ ပထမဦးဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၀ဂိုး ကို အမြန်ဆုံးပြည့်ခဲ့တဲ့ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိခဲ့သေးကြောင်း သိရှိရပါတယ်။