မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်ကစားသမား အာလင်း ဟာလန်းကတော့ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို တင်ရှိထားတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ကျော်ဖြတ်နိုင်ဖို့အတွက် သွင်းဂိုးတစ်ဂိုးတည်းသာ လိုအပ်နေပါတော့တယ်။

မိုလ်ဒီ ၊ ရက်ဘူး ဆာလ်ဇ်ဘာ့ဂ် နဲ့ ဒေါ့မွန်အသင်းတွေမှာ ကစားခဲ့စဉ်ကတည်းက ဂိုးသွင်းအား အလွန်ကောင်းခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးလို ဥရောပရဲ့ အင်အားအကောင်းဆုံး အသင်းကြီးဆီ ရောက်ရှိသွားချိန်မှာပဲ သူရဲ့ ဂိုးသွင်းစွမ်းရည်တွေ ပိုမို ထက်မြက်လာတဲ့အပြင် ပွဲဦးထွက် ရာသီမှာပဲ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ဆုတွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Manchester City FC

ဒီရာသီမှာလည်း ဟာလန်းက မန်စီးတီးအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၄)ပွဲအထိ ကစားထားပြီးချိန်မှာ ဟက်ထရစ် (၂)ကြိမ်ဆက်နဲ့အတူ သွင်းဂိုး (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲ (၄)ပွဲကစား (၈)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဝိန်း ရွန်နီရဲ့ စံချိန်ကိုပါ (၁)ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အခုတော့ ဟာလန်းက ရွန်နီရဲ့ စံချိန်အပြင် ရော်နယ်လ်ဒိုရဲ့ စံချိန်တစ်ခုကိုပါ ထပ်မံ ရိုက်ချိုးသွားဖို့ အခြေအနေ ကောင်းလာခဲ့ပြန်ပါပြီ။ ရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်တုန်းက အသင်းအတွက် ပွဲပေါင်း (၁၀၅)ပွဲအထိ ပါဝင်ကစားပြီးချိန်မှာပဲ သွင်းဂိုး စုစုပေါင်း (၁၀၀)ထိ သွင်းယူနိုင်ခဲ့ပြီး ဘောလုံးလောကမှာ သွင်းဂိုး(၁၀၀)ကို အမြန်ဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ပါတယ်။

Photo Credit : Sportskeeda

လက်ရှိမှာတော့ ဟာလန်းက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၀၃)ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး စုစုပေါင်းက (၉၉)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့လို့ လာမယ့် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာလန်းက ဂိုးတစ်ဂိုး သွင်းလိုက်မယ်ဆိုရင် ရော်နယ်လ်ဒိုရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်သွားမှာ ဖြစ်ပါတယ်။

တကယ်လို့ ဟာလန်းအနေနဲ့ အင်တာနဲ့ပွဲမှာ ဂိုးမသွင်းနိုင်လို့ အဲ့ဒီပွဲအပြီး အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှသာ ဂိုးသွင်းနိုင်မယ်ဆိုရင်လည်း ရော်နယ်လ်ဒိုလို ပွဲပေါင်း (၁၀၅)ပွဲမှာ ဂိုး (၁၀၀)ပြည့်အောင် သွင်းနိုင်တဲ့ နောက်ထပ် ကစားသမားအဖြစ် ပူးတွဲ စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲကြီးတွေမှာ ဂိုးပေါက်ပျောက်တတ်တဲ့ ဝေဖန်ခံထားရတဲ့ ဟာလန်းအနေနဲ့ အင်တာ အာဆင်နယ်တို့ပွဲမှာ ဂိုးတွေ သွင်းယူရင်း ရော်နယ်လ်ဒို စံချိန်ကို ကျော်ဖြတ်နိုင်မလား ဒါမှမဟုတ် အမီလိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။