အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ နယူးကာဆယ် အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ အလန်ရှီးယားကတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေနဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ ကာဗာနီ ၊ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် အလန်ရှီးယား က‌တော့ အဆိုပါ တိုက်စစ်မှူးတွေထဲမှာ ကာဗာနီနဲ့ ဂရင်းဝုဒ်တို့သာ တိုက်စစ်မှူးစစ်စစ် ဖြစ်ကြောင်း ထောက်ပြ သွားပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာဗာနီ ၊ ရက်ဖို့ဒ် ၊ မာရှယ်တို့လို တစ်ဦးချင်း အရည်အသွေး မြင့်တဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင် ထားသလို ဂရင်းဝုဒ်လို အနာဂတ် ကြယ်ပွင့် လူငယ် တိုက်စစ်မှူး တစ်ဦးကို ပိုင်ဆိုင် ထားပေမယ့် လက်ရှိ ဘောလုံးရာသီမှာ တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေး ဖြုန်းတီးမှုဟာ အတော်လေးကို များပြားနေပြီး အဆိုပါ အားနည်းချက်ကြောင့်ပဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အုပ်စုအဆင့် ကနေ လှည့်ပြန်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အလန်ရှီးယားကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားနည်းချက်ဟာ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲမှု ဖြစ်ကြောင်းနဲ့ ကာဗာနီက အသက်အရွယ် ရလာချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူသင့်ကြောင်း အကြံပေး သွားခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သတ်ပြီး အလန်ရှီးယားက “ယူနိုက်တက် အသင်းအတွက် လိုအပ်နေတဲ့ တိုက်စစ်မှူးဟာ ကာဗာနီလို့ ခင်ဗျားတို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် သူက လာမယ့် ဖေဖော်ဝါရီလမှာ ၃၄နှစ် ပြည့်တော့မှာပါ။ ဂရင်းဝုဒ်ကလည်း သူ့ရဲ့ အရည်အသွေးတွေကြောင့် အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်လာနိုင်ပေမယ့် ၂နှစ် ၃နှစ်တော့ အချိန်ပေးရဦးမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ယူနိုက်တက်ဟာ အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေတယ် လို့ ကျွန်တော် ထင်ပါတယ်။ ရက်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကိုပဲ ကြည့်လိုက်ပါ။ တကယ်တမ်းမှာ သူတို့ဟာ ၆ကိုက်စည်း ပတ်လည်နားမှာ နေရာ ယူသင့်ပေမယ့် ဘရူနို တစ်ဦးထဲကပဲ အဲ့ဒီနားမှာ ရှိနေပါတယ်။ ဆိုးလ်ရှားက ဧရိယာထဲမှာ ဘောလုံး လက်ခံပြီး သွင်းဂိုးတွေ သွင်းယူနိုင်မယ့် တိုက်စစ်မှူး လိုအပ်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။ ဆက်လက်ပြီး ဆိုးလ်ရှားက ဘယ်သူတွေကို ခေါ်ယူသင့်လဲ ဆိုတဲ့ မေးခွန်းကိုတော့ အလန်ရှီးယားက “အမ်ဘာပေ ဒါမှမဟုတ် ဟာလန်းပေါ့” လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ်။