အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ် ကတော့ သူတို့အသင်းမှာ ထိပ်တန်း နံပါတ်၉ ကစားသမား တဦး ဖြစ်သူ လူကာကူ ရှိနေတာကြောင့် နံပါတ်၉ ကစားသမား တဦး ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ မလိုတော့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းနဲ့ လူကာကူတို့ထဲက တဦးကို ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး အသက်အရွယ် ငယ်ရွယ်သလို ဂိုးသွင်းအားလည်း ကောင်းတဲ့ ဟာလန်းကို ဦးစားပေး ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဒေါ့မွန်အသင်းက ဟာလန်းကို ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ လူကာကူကို ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်း ပေးချေကာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ဒါပေမယ့် လူကာကူဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုးသာ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားလိမ့်မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တူချယ်က ဟာလန်းကို ချီးကျူးခဲ့တာကြောင့် အဆိုပါ ကောလဟာလ သတင်းတွေဟာ ပိုမို ပျံ့နှံ့လာပါတယ်။

လက်ရှိမှာတော့ တူချယ်က ဟာလန်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်မှုအား ပြန်လည် ဖြေရှင်းသွားခဲ့ပြီး လူတွေက သူ့ရဲ့ စကားကို အဓိပ္ပါယ် ကောက်ယူတာ လွဲနေခြင်း ဖြစ်ကြောင်းနဲ့ လူကာကူ ၊ ဟာလန်းတို့ကို တိုက်စစ်အတွဲ အဖြစ် မြင်တွေ့ရဖို့ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: The Sun

တူချယ်က – “ ကျွန်တော်က ထောင်ချောက်ထဲ ကျခဲ့တာပေါ့ဗျာ။ ကျွန်တော်က ဂျာမဏီနိုင်ငံမှာ သတင်းစာတိုက် တခုက ပေးအပ်တဲ့ ဆုတခု တက်ယူခဲ့ရပြီး သူတို့က ကျွန်တော့်ကို ကစားသမား တဦးရဲ့ အကြောင်း မေးခဲ့ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်က တခြားအသင်းရဲ့ ကစားသမားတွေ အကြောင်းကို ဘယ်တော့မှ မပြောတတ်ပါဘူး။ အခုတော့ သူတို့က အဲ့ဒီအကြောင်းကို အကျယ်ချဲ့ ရေးနေကြပါပြီ။ ကျွန်တော် ကတော့ နောက်တခါကျရင် ဒီမေးခွန်းကို မဖြေနိုင်ပါဘူး ဆိုပြီး ခပ်တင်းတင်း ပြောဖို့ သင်ခန်းစာ တခု ရလိုက်ပါတယ်။ ဒီဆုပေးပွဲမှာ ပြောခဲ့တဲ့ အကြောင်းအရာနဲ့ အောက်တိုဘာလထဲမှာ လူကာကူကို နောက်ထပ် တိုက်စစ်မှူး တဦးနဲ့ တွဲပေးမယ်လို့ နောက်ပြောင်ခဲ့တာ ပေါင်းပြီး အခုလို သတင်းတွေ ထွက်လာတာပါ။ ဒါက သတင်းတခုအနေနဲ့ ဖတ်ရတာတော့ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် အပြင်မှာ မဖြစ်လာနိုင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။