ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ သူဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လက်စတာ စီးတီးရဲ့ မရှိမဖြစ် တိုက်စစ်မှူး ဂျေမီ ဗာဒီရဲ့ ကစားပုံတွေကို ကြည့်ရှုလေ့ရှိပြီး ဗာဒီရဲ့ လှုပ်ရှားမှုတွေကို အတုယူ လေ့လာခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။
အသက် ၂၁နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၃ဦးစာရင်းဝင်သူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဆိုရင်လည်း ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ပွဲ၂၀ ပါဝင် ကစားပေးထားရာ ၂၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
Photo Credit: Talksport
တဖက်မှာတော့ အသက် ၃၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဗာဒီဟာ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် ယခုအချိန် အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ လက်စတာအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
ဗာဒီဟာ အပျော်တမ်းလိဂ်မှာ ကစားနေရာကနေ ပရီးမီးယားလိဂ်လို ထိပ်တန်း ဘောလုံးလိဂ်တခုရဲ့ ဂိုးသွင်းဘုရင် ဖြစ်တဲ့ အထိ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့သူ ဖြစ်သလို သူ့ရဲ့ လျင်မြန်မှု ၊ ဘောကြောနပ်မှုနဲ့ နေရာယူ ကောင်းမွန်မှုတို့က သူ့ကို ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်စေတဲ့ အဓိက အရည်အချင်းတွေပဲ ဖြစ်ပါတယ်။
Photo Credit: Talksport
ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ ဟာလန်းကလည်း သူဟာ ဗာဒီရဲ့ ခြေစွမ်းကို သဘောကျသူ ဖြစ်ကြောင်းနဲ့ ဗာဒီရဲ့ တဖက် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး နေရာယူမှုတွေကို အတုယူ လေ့လာ သင်ယူခဲ့ရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
ဟာလန်းက – “ကျွန်တော်က ကစားသမား အများစုရဲ့ ကစားပုံတွေကို အမြဲတမ်းလိုလို ကြည့်လေ့ ရှိပါတယ်။ ဥပမာ တခု ပေးရမယ် ဆိုရင် နံပါတ်၁၀ ကစားသမားက ဘောလုံးနေတဲ့ အချိန်မျိုးမှာ တဖက် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ပြေးထွက်တဲ့ နေရာမှာ ဂျေမီ ဗာဒီက အတော်ဆုံး ကစားသမားပါ။ ကျွန်တော်က သူ့ရဲ့ ကစားပုံကို မကြာခဏ ကြည့်ရှုလေ့ရှိပြီး သူ့ရဲ့ ပုံစံအတိုင်းလည်း လိုက်လုပ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။