ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ကတော့ လက်ရှိအချိန် ဘောလုံးလောကမှာ အထွန်းတောက်ကစားသမားတွေဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကီလီယန်အမ်ဘာပေတို့နှစ်ယောက်ထဲကမှ သူရဲ့ရီးရဲလ်အသင်းအတွက်ဆိုရင် ဟာလန်းလို ကစားသမားကို ပိုလိုအပ်သလို လက်ရှိအခြေအနေအရဆိုရင်လည်း ဘာပေထက် ဟာလန်းကို ခေါ်ယူဖို့က ပိုလွယ်ကူနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဟာလန်းနဲ့ဘာပေတို့နှစ်ယောက်လုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာကလပ်အသင်းတွေမှာ အထူးခြေစွမ်းပြသနေတဲ့ အထူးချွန်ဆုံး လူငယ်တိုက်စစ်ကစားသမားတွေဖြစ်သလို ဥရောပရဲ့အင်အားကြီးကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာက အသက်အရွှယ်အရ အကျဘက်ကို တဖြည်းဖြည်း ရောက်ရှိနေပြီဖြစ်တာကြောင့် ဒီကစားသမားကြီးရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဟာလန်းနဲ့ ဘာပေတို့ကို ပစ်မှတ်ထားနေရတာဖြစ်သလို လာမယ့်နွေစျေးကွက်မှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : AS English

ဒီတိုက်စစ်မှူးနှစ်ယောက်နဲ့ပတ်သက်ပြီး ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က “ကျွန်တော်သာ နည်းပြတစ်ယောက် ဖြစ်နေမယ်ဆိုရင် ဟာလန်းနဲ့ ဘာပေ ဘယ်သူဦးစားပေးခေါ်မလဲဆိုတော့ ကျွန်တော် ဒီနှစ်ယောက်လုံးရဲ့ ကစားပုံကို သဘောကျတာ။ ဒါပေမယ့် ကစားသမားခေါ်ယူတယ်ဆိုတာက နည်းပြတစ်ယောက်တည်းနဲ့ မပြီးဘူးလေ။ ဒါပေမယ့် လက်ရှိအခြေအနေတွေ အနေအထားတွေအရဆိုရင်တော့ ဟာလန်းကို ခေါ်ယူဖို့က ပိုပြီးလွယ်ကူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ဘာပေကိုကြတော့ ရော်နယ်ဒို မက်ဆီတို့နေရာမှာ အစားဝင်လာနိုင်မယ့်သူလို့ မြင်နေကြတော့ သူ့ကို ခေါ်ယူဖို့ဆိုရင် အခြေအနေတွေက ပိုခက်ခဲရှုပ်ထွေးနိုင်ပါတယ်။ ရီးရဲလ်အတွက် ဟာလန်းလို အထောင်တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ဒီအပြောင်းအရွှေ့က ဘယ်တော့မှ ဆိုးရွှားတဲ့ကိစ္စ ဖြစ်လာမှာမဟုတ်ပါဘူး။ ဟာလန်းမှာက လျင်မြန်မှု ဂိုးဆာလောင်မှု မြင့်မားတဲ့အရပ်အမောင်းတွေ ရှိတယ်။ ဘာပေမှာလည်း ရှိပါတယ်။ ဒါပေမယ့် လတ်တလော အနေအထားတွေအရတော့ ဟာလန်းကို ခေါ်ယူဖို့ကပဲ ပိုဖြစ်နိုင်ခြေများပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။