ရက်ဘူးလ် ဆာဘာ့ချ်အသင်းရဲ့ နည်းပြ ဂျက်စီ မာ့ချ် (Jesse Marsch) က ရက်ဘူးလ်အသင်းမှာ ကစားခဲ့ဖူးတဲ့ သူ့ရဲ့ တိုက်စစ်မှူးဟောင်း ဟာလန်းကို ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်ပြီး ဒေါ့မွန်အသင်းက ထွက်ချင်ရင် လီဗာပူးလ်အသင်းကို ပြောင်းသင့်တယ်လို့ ဆိုပါတယ်။ ရက်ဘူးလ် တိုက်စစ်မှူးဟောင်း ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဥရောပ ထိပ်သီးအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရစဉ်က မန်ယူအသင်း နဲ့ ရီးရဲလ် အသင်းတို့ကို ငြင်းပယ်ခဲ့ပြီး ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဒါ့မွန်အသင်းကို ပြောင်းဖို့ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး ဟာလန်းဟာ သြစတေးလျား အခြေစိုက် ရက်ဘူးလ်အသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းပြခဲ့ပြီး ဂျာမနီနိုင်ငံက ဒေါ့မွန်အသင်းကို ရောက်ရှိလာတဲ့ အချိန်မှာလည်း ခြေစွမ်းဆက်ထိန်းထားနိုင်ခဲ့တာကြောင့် လက်ရှိရာသီမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုး (၄၁) ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းကို ရောက်ရှိလာတာ သိပ် မကြာသေးတာကြောင့် အသင်းသစ် ပြောင်းဖို့ စိတ်ကူးဦးမှာ မဟုတ်ပေမယ့်လည်း ရက်ဘူးလ် နည်းပြ ဂျက်စီ မာ့ချ်က ဟာလန်းကို အသင်းပြောင်းချင်တယ် ဆိုရင် လီဗာပူးလ်အသင်းကို ပြောင်းသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

Photo Credit: Dailymail

ရက်ဘူးလ် နည်းပြ ဂျက်စီ မာ့ချ်က “ဟာလန်းမှာ ပင်ကိုယ် ပါရမီ ရှိပြီး သူ့ရဲ့လျှင်မြန်မှု၊ ပေါက်ကွဲအား၊ ခန္စကိုယ် အရွယ်အစား၊ တိုးအား၊ နည်းဗျူဟာ နားလည်မှု နဲ့ အဆုံးသတ်ပိုင်းကို ကြည့်လိုက်ကြမယ် ဆိုရင် သူက ချက်ချင်းပဲ ကမ္ဘာ့ ထိပ်သီး ကစားသမား တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ အခုက သူ့ရဲ့ အပေါ်ယံ အရည်အချင်းကိုပဲ အသုံးပြုကြသေးရုံပါပဲ။ သူက ဒေါ့မွန်အသင်းမှာ ကောင်းစွာ ကစားနေဦးမှာပါ။ သူ ဒေါ့မွန်အသင်းမှာ ဘယ်အချိန်ထိ ရှိနေမလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ယုံမှားသံသယမရှိတာက သူက ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာမယ် ဆိုတာပါပဲ။ သူက လီဗာပူးလ်အသင်းကို ကံကောင်းစေနိုင်တဲ့ ကစားသမား တစ်ယောက်ပါပဲ။ သူက တိုးရုန်းကစားရတာ နဲ့ နေရာကျယ်မှာ ကစားရတာကို ကြိုက်တယ်”လို့ ပြောသွားပါတယ်။