ယခုနှစ် ဘောလုံးရာသီမှာမှ ဥရောပရဲ့ ဘောလုံးစင်မြင့်ပေါ်ကို တက်လှမ်းလာနိုင်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမားလေးကတော့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းပဲ ဖြစ်ပါတယ်။ အသက် ၁၉နှစ်အရွယ်သာ ရှိသေးပေမယ့် ဟာလန်းဟာ ဥရောပအသင်းကြီးများစွာရဲ့ ထိပ်တန်း ပစ်မှတ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဒေါ့မွန်အသင်းထံကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မပြောင်းလာခင်ကတည်းက ဩစတီးယားကလပ် ဆဲလ်ဘက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့သူဖြစ်ကာ သူ့ရဲ့ လက်ရှိရာသီ ချန်ပီယံလိဂ်သွင်းဂိုးဟာ ၁၀ဂိုးအထိ ရှိခဲ့ပါတယ်။

Photo Credit: Mirror.com

ဒေါ့မွန်အသင်းထံကို ရောက်ရှိချိန်မှာလည်း ဟာလန်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ လျင်လျင် မြန်မြန်ပဲ အသားကျခဲ့ပြီး ဘွန်ဒက်လီဂါပွဲစဉ် ၈ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၉ဂိုးသွင်းယူ ထားခဲ့ပြီး ၁ဂိုးဖန်တီး ပေးထားနိုင်ခဲ့သူပါ။ ဒါ့ကြောင့် လက်ရှိအချိန်မှာ ဟာလန်းကို ခေါ်ယူဖို့အတွက် ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ မန်ယူစတဲ့ အသင်းကြီးတွေ အကုန်လုံးက ချဉ်းကပ်နေကြပြီး ဘောလုံးကျွမ်းကျင်သူတွေ ကတော့ ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း ခန့်မှန်းသုံးသပ် ထားပါတယ်။ ဒါပေမယ့် ဟာလန်းဟာ မန်ယူအသင်း ထံကို ရုတ်တရတ် ပြောင်းရွှေ့သွားနိုင်တယ်လို့လဲ ထင်မြင်သူတချို့ ရှိနေပါတယ်။

Photo Credit: Mirror.com

အကြောင်းကတော့ မန်ယူအသင်းရဲ့ လက်ရှိ နည်းပြဖြစ်တဲ့ ဆိုးလ်ရှားဟာ ဟာလန်းရဲ့ လက်ဦးဆရာ ဖြစ်သလို ဟာလန်းရဲ့ စံပြပုဂ္ဂိုလ် နှစ်ဦးဟာလည်း မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်းတွေ ဖြစ်နေတာကြောင့်ပါ။ ဘောလုံး လောကာမှာ သူ့ရဲ့ စံပြုပုဂ္ဂိုလ်နှစ်ဦးရှိတဲ့ အကြောင်းကို ဟာလန်းက ” ငယ်ငယ်တုန်းက ကျွန်တော် စောင့်ကြည့်ခဲ့ရတဲ့ တိုက်စစ်မှူးတွေက အများကြီး ရှိပါတယ်။ ဇလာတန်ကနေ ခရစ္စတီယာနို အထိပေါ့။ ကျွန်တော်က အဲ့ဒီ ကစားသမား နှစ်ဦးစလုံးကို သဘောကျပါတယ်။ ပြီးတော့ ဘယ်သူ့ကို သဘောအကျဆုံးလဲဆိုတာ ပြောရခက်ပါတယ်။ ဒီတော့ ဇလာတန်ကိုရော ရိုနယ်ဒိုကိုပါ ရွေးပါ့မယ် ” လို့ ပြောပြထားခဲ့တာပါ။ ဟာလန်းတစ်ယောက် သူ့ရဲ့စံပြပုဂ္ဂိုလ်တွေလိုမျိုး မန်ယူအသင်းမှာ လာကစားမလားဆိုတာ ကိုတော့ အပြောင်းအရွှေ့ပိတ်ကားထက်မှာ ဆက်လက် စောင့်ကြည့်သွားရမှာပါ။