ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လို့နေတဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းက လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်ကို ဒေါ့မွန်နဲ့ပဲ ဆက်လက်ဖြတ်သန်းသွားမှာဖြစ်တယ်လို့ အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Whispers

အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ အတော်လေးကို ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၃၇)ဂိုးအထိတောင် သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုမှာလည်း (၁၁)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ ဟာလန်းကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် ချယ်လ်ဆီး မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ စိတ်ဝင်စားနေကြပေမယ့် ဒေါ့မွန်အသင်းရဲ့ ဒါရိုက်တာကတော့ ဟာလန်းအနေနဲ့ နောက်ထပ်ဘောလုံးရာသီတစ်ခုလောက်အထိ သူတို့အသင်းမှာပဲ ဆက်ရှိနေမှာလို့ ထုတ်ပြန်ထားပါတယ်။

Photo Credit : Juvefc

ဟာလန်းနဲ့ပတ်သက်ပြီး ဒေါ့မွန်အားကစားဒါရိုက်တာက “အာလင်းဟာလန်းက လာမယ့်ဘောလုံးရာသီသစ်မှာ ဒေါ့မွန်အသင်းအတွက် ဆက်ပြီးကစားပေးနိုင်လိမ့်မယ်လို့ ကျွန်တော်နားလည်ထားပါတယ်။ အာလင်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဟာလန်းဟာ ၂၀၂ဝခုနှစ်ကမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နေရာသစ်မှာ အလျင်အမြန် အထိုင်ကျခဲ့ကာ သွင်းဂိုးတွေများစွာကိုလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက ဒီနှစ်ဘောလုံးရာသီရဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာလည်း သွင်းဂိုး(၁၀)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်ဖို့ပါ အခြေအနေကောင်းလို့နေပါတယ်။ ဒါကြောင့် အထောင်တိုက်စစ်မှူးတွေ လိုအပ်နေတဲ့ ဥရောပထိပ်သီး ကလပ်အသင်းတွေက ဟာလန်းကို အသည်းအသန် အလိုရှိနေတာဖြစ်ပြီး ဒေါ့မွန်ဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့် ဟာလန်းကို ရောင်းချဖို့ စိတ်ကူးမရှိပဲ အသင်းမှာသာ ဆက်ထိန်းထားချင်နေတာဖြစ်ပါတယ်။