ဘောလုံးပရိသတ်တွေကြားမှာ အမြဲတမ်းလိုုလို ပြောဖြစ်နေကြတဲ့ ထိပ်တန်းအပြောင်းအရွေ့တစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖြစ်ပေါ်သွားခဲ့ပါတယ်။ ဒါကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂျေဒန်ဆန်ချိုတို့ရဲ့ အပြောင်းအရွေ့ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ဖြစ်ပြီး ယူနိုက်တက်ကနေ ဆန်ချိုကို ပြောင်းရွေ့ကြေး ပေါင်(၇၃)သန်းနဲ့ တရားဝင် ခေါ်ယူနိုင်လိုက်ပြီဖြစ်ကာ လက်ရှိကျင်းပလို့နေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှာပဲ အပြောင်းအရွေ့ကို အပြီးသတ် ထုတ်ပြန်လာတော့မှာဖြစ်ပါတယ်။

Photo Credit : Be Soccer

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်ထားခဲ့ရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာလည်း အသင်းကို ရောက်ရှိလာဖို့ နီးစပ်ခဲ့ဖူးပါသေးတယ်။ အခုတော့ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့ရပြီး ဒါက ယူနိုက်တက်အသင်းသားတွေ ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်နိုင်ပေမယ့်လည်း သူရဲ့ဒေါ့မွန်အသင်းဖော်ဟောင်းတွေနဲ့ ဒေါ့မွန်ပရိသတ်တွေအတွက်ကတော့ တကယ့်ကို ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်စေခဲ့ရပါတယ်။

Photo Credit : The Sun

ဒေါ့မွန်အသင်းမှာ ဆန်ချိုနဲ့ (၁၈)လဝန်းကျင်လောက်အထိ တွဲဖက်ကစားခဲ့ဖူးတဲ့ နော်ဝေလက်ရွေးစင် လူငယ်တိုက်စစ်မှူးလေး အာလင်းဟာလန်းဆိုရင်လည်း အသင်းမှာ သူနဲ့ တွဲဖက်အမိဆုံးသော အသင်းဖော်ဆန်ချိုနဲ့ လက်တွဲဖြုတ်လိုက်ရတဲ့အပေါ် ဝမ်းနည်းလျက် ရှိနေပြီး ဆန်ချိုရဲ့ အင်စတာဂရမ်ပေါ်ကနေ ဓါတ်ပုံတစ်ပုံမှာပါ မျက်ရည်ကျနေတဲ့ Emoji လေးတစ်ခုကိုပါ Comment ပေးသွားခဲ့ပါတယ်။ ဒီ Comment ကို ယူနိုက်တက်ပရိသတ်များစွာက သတိထားမိသွားခဲ့ပြီး ဟာလန်းအနေနဲ့ သူရဲ့အသင်းဖော်ဆန်ချိုကို လွမ်းဆွတ်နေမယ့်အစား ဆန်ချိုရောက်ရှိနေတဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွေ့လာပြီး ဆန်ချိုနဲ့ လာရောက်ပူးပေါင်းသင့်တယ်လို့ မှတ်ချက်ပြု ရေးသားခဲ့ကြသလို ယူနိုက်တက်အသင်းဆီ ပြောင်းရွေ့လာဖို့ ပရိသတ်တွေက တိုက်တွန်းခဲ့ကြပါတယ်။ လက်ရှိမှာလည်း ဟာလန်းကို ယူနိုက်တက်အသင်း အပါအဝင် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းများဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတွေကလည်း အပြိုင်စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးအသင်းကတော့ ဟာလန်းကို အတော်လေး အလိုရှိနေပါတယ်။ ဒါပေမယ့် ဆန်ချိုကို လက်လွတ်ထားရတဲ့ ဒေါ့မွန်အသင်းကတော့ ချက်ချင်းဆိုသလို ဟာလန်းကိုပါ ထပ်မံလက်လွတ်သွားဖို့က မဖြစ်နိုင်တာမို့ ၂၀၂၂ခုနှစ်မှသာ အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ် ရှိနေပါတယ်။