ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုရပ်ရှား ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြသခဲ့တဲ့ သူ့ရဲ့ တည်ငြိမ် ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ၂၀၂၀ခုနှစ်ရဲ့ Golden Boy Award ကို ရရှိသွားခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Tutto Sports သတင်းဌာန ကနေ ပေးအပ်ချီးမြှင့်တဲ့ Golden Boy Award ဟာ ဥရောပ တစ်လွှားမှာ ရှိတဲ့ အသက် ၂၁နှစ်အောက် ကစားသမားတွေထဲက အကောင်းဆုံး လူငယ် ကစားသမား တစ်ဦးကို ပေးအပ် ချီးမြှင့်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ရဲ့ Golden Boy Award ကိုတော့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂျာအို ဖီးလစ်က ရရှိခဲ့တာပါ။

Photo Credit: Metro

လက်ရှိမှာ အသက် ၂၀အရွယ် ရှိနေပြီ ဖြစ်တဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဥရောပ ဘောလုံးစင်မြင့်ပေါ်ကို ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် ဆဲလ်ဘက်အသင်း ၊ ဒေါ့မွန်အသင်းတို့မှာ ပြသခဲ့တဲ့ ခြေစွမ်းဟာ ထိပ်တန်း အဆင့်မှာ ရှိသလို လက်ရှိ ဘောလုံးရာသီ အထိလည်း သူ့ရဲ့ ခြေစွမ်းကောင်းကို ထိန်းသိမ်း ထားနိုင်သူပါ။ ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆဲလ်ဘက်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ အတွက် စုစုပေါင်း ပြိုင်ပွဲစုံမှာ ပွဲ ၄၀အထိ ပါဝင် ကစားပေးခဲ့ပြီး ၄၄ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း ဟာလန်းဟာ သူ့ရဲ့ ဂိုးသွင်း ခြေစွမ်းကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားထားရာ ၁၁ဂိုး သွင်းယူထားပြီး ၃ဂိုး ဖန်တီး ပေးထားနိုင်ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် ဖြစ်သူ Fabrizio Romanoရဲ့ အဆို အရတော့ ဟာလန်းဟာ Golden Boy Award ကို ရရှိဖို့အတွက် အသင်းဖော် ဖြစ်တဲ့ ဆန်ချိုနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးမှာ အသာစီး ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဟာလန်းရဲ့ အသင်းဖော် ဖြစ်သူ ဆန်ချိုဟာလည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ရရှိခဲ့ပြီး ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားခဲ့ရာမှာ ဂိုး ၂၀ သွင်းယူ နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၀ကြိမ်အထိ ပြုလုပ် နိုင်ခဲ့ပေမယ့် လက်ရှိ ရာသီမှာတော့ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေတာကြောင့် Golden Boy Awardနဲ့ လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ Golden Boy Award ကို ရရှိခဲ့တဲ့ ကစားသမားတွေ ထဲမှာ ရွန်းနီ ၊ အမ်ဘာပေ ၊ ပေါ့ဘာ ၊ မာရှယ် ၊ အဂူရို ၊ မက်ဆီ ၊ အစ္စကို ၊ ဒီလစ် ၊ ဖီးလစ် တို့လို ကစားသမားတွေ ပါဝင်နေတာကြောင့် ဟာလန်း တစ်ယောက် သူ့ရဲ့ နောင်တော်ကြီးတွေလိုပဲ ထိပ်တန်း ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်မလား ဆိုတာ စောင့်ကြည့် သွားရမှာပါ။