ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် ၁-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် သွင်းဂိုး ၂၀ အမြန်ဆုံး ပြည့်တဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးထံ ရောက်ရှိပြီးနောက် ချက်ချင်းဆိုသလို အသင်းနဲ့ အထိုင်ကျခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Squawka

ဟာလန်းက မန်ချက်စတာ စီးတီးထံ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၆ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ကာ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး အရေအတွက်ဟာ ၂၀ဂိုး ရှိနေခဲ့ပါတယ်။

ဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၄ပွဲသာ ပါဝင် ကစားပေးရသေးပေမယ့် ၂၀ဂိုးသွင်း ၊ ၃ဂိုး ဖန်တီး ဆိုတဲ့ အံ့မခန်း စွမ်းဆောင်ရည် တခုကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ အံ့မခန်း ဂိုးသွင်းနှုန်းကြောင့်ပဲ သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ သွင်းဂိုး ၂၀ဂိုးကို အမြန်ဆုံး သွင်းယူနိုင်တဲ့ ကစားသမား အဖြစ် စံချိန်မှတ်တမ်း တင်နိုင်ခဲ့တာပါ။

Photo Credit: Squawka

ဟာလန်းက အင်္ဂလန် တိုက်စစ်မှူးဟောင်းတွေ ဖြစ်တဲ့ ကီဗင် ဖီးလစ် (ဂိုး ၂၀ပြည့်ဖို့ ၂၁ပွဲ ကစားခဲ့ရ) ၊ အန်ဒရူး ကိုးလ် (ဂိုး ၂၀ ပြည့်ဖို့ ၂၃ပွဲ ကစားခဲ့ရ)တို့ကို ကျော်ဖြတ်ကာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်လို ဂိုးသွင်းဖို့ ခက်ခဲတဲ့ ဘောလုံးလိဂ် တခုမှာ ဂိုးတွေ တရစပ် သွင်းပြနေတဲ့ အာလင်း ဟာလန်းရဲ့ ဂိုးသွင်းနှုန်းကတော့ လက်ဖျားခါစရာ ကောင်းလွန်းပါတယ်ဗျာ။