ဥရောပ ရဲ့ ထိပ်တန်းတိုက်စစ်မှူး စာရင်းဝင် ဒေါ့မွန် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတစ်ဦး ဖြစ်တဲ့ အားလင်း ဟာလန်း ရဲ့ ဖခင်ဖြစ်သူ ကတော့ သတင်းထောက်တွေကို သားဖြစ်သူရဲ့ မန်ချက်စတာယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခြင်း ရှိ ၊ မရှိနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အားလင်း ဟားလန်း ရဲ့ ဖခင်ဖြစ်သူ အယ်လ်ဖ်-အင်းဂ်ျ ဟာလန်း က သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ချီးကျုးစကား ပြောဆိုပြီးတော့ သူ့ရဲ့သားဖြစ်သူကို မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူဖို့ ကြိုးစားနေတယ် ဆိုတာဟာ ကောလဟာလ သက်သက်သာ ‌ဖြစ်ကြောင်း ရှင်းပြ ပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အာမတ် ဒီအာလို ကို ခေါ်ယူပြီး ဖြစ်တာကြောင့် ဒီလထဲမှာ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူသွားဖို့တော့ မရှိပေမယ့် အသင်းအနေနဲ့ နောက်နှစ်ဘောလုံးရာသီမှာ ကစားမားသစ် လေးဦးလောက်ထိ ထပ်မံ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေပါတယ်။

Photo Credit: Express

လက်ရှိ ဦးစားပေးခေါ်ယူဖို့ စဉ်းစားနေတဲ့ နေရာတွေ ကတော့ ညာခြမ်းခံစစ်၊ ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ် နဲ့ ညာတောင်ပံ တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိုလီဂန်နား ဆိုးလ်ရှားရဲ့ အစီအစဉ်ထဲမှာ တိုက်စစ် ကစားသမားတစ်ဦးကို ခေါ်ယူဖို့လည်း ပါဝင်နေပါတယ်။ အိုဒီယွန် အီဂါလို အနေနဲ့ ဒီလကုန်ရင် အသင်းဟောင်းဖြစ်တဲ့ ရှန်ဟိုင်း ရှန်ဟွာ အသင်းဆီကို ပြန်သွားတော့မှာ ဖြစ်သလို၊ ကာဗာနီကလည်း ဗယ်လင်တိုင်းဒေးနေ့မှာ အသက် ၃၄ နှစ်ပြည့်မှာ ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက် အနေနဲ့ ရေရှည်အတွက် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဟာလန်း ကို ပြီးခဲ့တဲ့ ဇန်နဝါရီက ဆော့ဇ်ဘတ် အသင်းကနေ ခေါ်ယူဖို့ အတွက် ဆွေးနွေး‌ခဲ့ဖူးပြီး သဘောတူညီမှု မရခဲ့တာကြောင့် ‌အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပေမယ့်လည်း ယူနိုက်တက် အသင်းအတွက် နောက်ဆယ်စုနှစ်စာလောက် အထိ ရှေ့တန်းမှာ ဦးဆောင်နိုင်မယ့် ကစားသမားဟာ ဟာလန်း ဖြစ်တာကြောင့် မန်ယူ အသင်းအနေနဲ့ အကြိမ်ကြိမ် ကမ်းလှမ်းမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

Photo Credit: Express

အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် ဟာလန်း အနေနဲ့ ဒေါ့မွန် အသင်းကို ပြောင်းရွှေ့သွားခဲ့ကာ ခြေစွမ်းပိုင်းအရ ပိုမို ကောင်းမွန်သထက် ကောင်းမွန်ပြီးတော့ ၃၆ ပွဲမှာ ၃၅ ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ဟာလန်း ရဲ့ အခုလို ပုံစံကောင်းတွေကြောင့် အသင်းကြီးတွေက စိတ်ဝင်စားနေကြပြီး ဆိုးလ်ရှားကလည်း သူ မိုဒဲလ် အသင်းမှာ ပြုစုပျိုးထောင်ခဲ့ဖူးတဲ့ ကစားသမား နဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့ အတွက် အမျိုးမျိုး ကြိုးစား နေပါတယ်။ မန်ချက်စတာ စီးတီး အသင်းကွင်းလယ် ကစားသမားဟောင်း အယ်လ်ဖ်-အင်းဂ်ျ ဟာလန်း က သားဖြစ်သူရဲ့ မန်ယူနဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလိုပဲပြောခဲ့ပါတယ်။ “ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အသင်းပါ။ မန်ယူအသင်းက မျိုးဆက်သစ် တစ်ခုကို တည်ဆောက်ချင်နေတာပါ။ ဒါပေမယ့် လက်ရှိ အခြေအနေတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မလွယ်ပါဘူး၊ ဘာလို့လဲဆိုရင် ဟာလန်း က ဒေါ့မွန်မှာ ကစားနေပြီ ဖြစ်တာကြောင့်ပါ။ ဒီနှစ်သင်းက ပရိသတ်အင်အား တောင့်ပြီးတော့ ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့ အစဉ်အလာ ကြီးမားတဲ့ နှစ်သင်းပါ။ မန်ချက်စတာ ယူနိုက်တက်က ဂျာမနီမှာရှိတဲ့ ဒေါ့မွန်လိုပဲ ဂုဏ်ယူစရာကောင်းတဲ့ အသင်းပါ ” လို့ ပြောဆိုခဲ့ပါတယ်။