ပူပူနွေးနွေး UEFA Best Player of the Year Awardဆုရှင် မန်ချက်စတာ စီးတီး ဂိုးသွင်းစက် အာလင်း ဟာလန်းက သူဟာ ပြီးခဲ့တဲ့ရာသီမှာ စီးတီးနဲ့အတူ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ၂၀၂၃ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နွေဈေးကွက်မှာမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးထံ ရောက်ရောက်ချင်းမှာပဲ အသင်းနဲ့ အထိုင်ကျခဲ့သလို သွင်းဂိုးတွေလည်း တရစပ် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အာလင်း ဟာလန်းက တကိုယ်တော် ထူးချွန်ဆုတွေ အများကြီး ရယူနိုင်ခဲ့သလို မန်ချက်စတာ စီးတီးကလည်း ပရီးမီးယားလိဂ် ၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ် စတဲ့ ဖလား ၃လုံးရဲ့ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် အာလင်း ဟာလန်းဟာ ၂၀၂၃ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား ၂ဦးထဲက တဦး ဖြစ်နေပါတယ်။

Photo Credit: Tribuna

၂၀၂၃ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမား ၂ဦးက အာလင်း ဟာလန်းနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့ ဖြစ်ပြီး ဟာလန်းကတော့ သူဟာ မက်ဆီကို ကျော်ဖြတ်ကာ ရွှေဘောလုံးဆု ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းက – “ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံပါတယ်။ ကျွန်တော် ဘာတွေလုပ်နိုင်လဲ ဆိုတာ ကောင်းကောင်း သိတယ်။ ကျွန်တော်က ငယ်သေးလို့ ဒီထက် အများကြီး ပိုတိုးတက်လာဦးမှာပါ။ ကျွန်တော်က ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်မှာ အခွင့်အရေးကောင်း တခု ရှိတယ်လို့လည်း ခံစားနေရပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။