ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကတော့ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ အလွန် ကောင်းတဲ့ အတွက်ကြောင့် ထိပ်တိုက် ရင်ဆိုင်ရတာ မုန်းတယ်လို့ အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းကို မပြောင်းလာခင် ရက်ဘူးလ်အသင်းမှာ ကစားခဲ့စဉ်က ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် (၂) ပွဲမှာ နောက်ခံလူ ဗန်ဒိုက်နဲ့ (၂) ကြိမ်အထိ ထိပ်တိုက် ရင်ဆိုင်ခဲ့ပါတယ်။ ဟာလန်းဟာ အဝေးကွင်းမှာ လီဗာပူးလ်အသင်းကို (၄-၃) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့စဉ်က ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း အိမ်ကွင်းမှာ (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အချိန်မှာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Goal

ရက်ဘူးလ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို နှစ်ကျော့ပေါင်း ရှုံးနိမ့်ခဲ့တဲ့ အတွက်ကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲက ထွက်ပြီး ယူရိုပါလိဂ်ကို တန်းဆင်း ကစားခဲ့ရပါတယ်။ တိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ် ပွဲစဉ် (၆) ပွဲ ကစားခဲ့ရာမှာ (၈) ဂိုး သွင်းယူခဲ့တာကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ဒေါ့မွန်အသင်းကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပထမဆုံး (၁၀) ပွဲမှာ သွင်းဂိုး (၁၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး သူက နောက်ခံ ကစားသမားတွေမှာ ဗန်ဒိုက်နဲ့ ရင်ဆိုင်ရတာ မုန်းတယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ဘယ် နောက်ခံ ကစားသမားနဲ့ ထိပ်တိုက် ရင်ဆိုင်ရတာကို မုန်းပါသလဲလို့ France Football သတင်းက မေးမြန်းတဲ့ အချိန်မှာ သူက “ဗန်ဒိုက်ပါပဲ။ သူဟာ ကောင်းလွန်းပါတယ်။ သူက အားပြည့်တယ်။ လျှင်မြန်တယ်။ အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ သူက မယုံနိုင်စရာ ကောင်းတဲ့ ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ နောက်တစ်ဆင့် ရောက်နိုင်ဖို့အတွက် ဒေါ့မွန်အသင်းကို အသုံးပြုချနေတယ်လို့ သတင်းတွေ ထွက်လာပေမဲ့ သူက ဒေါ့မွန်အသင်းမှာ ကစားရတာ ပျော်တယ်လို့ ပြောပါတယ်။ ဟာလန်းက “ကျွန်တော် ဒေါ့မွန်အသင်းကို ရောက်ရုံပဲ ရှိသေးတာပါ။ ကျွန်တော် ဒီအသင်းမှာ အလွန် ပျော်ပါတယ်။ အောင်မြင်မှုတွေ အများကြီး ရရှိချင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။