ဂျာမန် ဘွန်ဒက်လီဂါ အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန် အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်း ကတော့ သူဟာ တစ်ရာသီမှာ အနိမ့်ဆုံး ဂိုး ၅၀ သွင်းယူနိုင်တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်တယ် လို့ ကြွေးကြော် သွားကြောင်း သိရှိ ရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ရာသီမှာ စတင် တောက်ပ လာတဲ့ လူငယ် တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး အသက်အရွယ် အရ တိုးတက်စ အရွယ်မှာသာ ရှိသေးပေမယ့် ဟာလန်းရဲ့ ဂိုးသွင်း စွမ်းရည်ဟာ အတော်လေး အထင်ကြီးစရာ ကောင်းပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ဆဲလ်ဘက် အသင်းနဲ့ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၄၀ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄၄ ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

Photo Credit: AS English

ဒါ့အပြင် ဟာလန်းဟာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ကိုပါ ပြုလုပ် နိုင်ခဲ့တာကြောင့် သူ့ရဲ့ ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ဂိုးပါဝင် ပတ်သတ်မှုနှုန်း ဟာ ၅၄ ဂိုးအထိ ရှိပြီး ဒါဟာ ပျမ်းမျှ တစ်ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှုနှုန်း ၁.၂၈ ဂိုး အထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဥရောပရဲ့ ဘောလုံး ကျွမ်းကျင်သူတွေ က ဟာလန်းဟာ ရိုနယ်ဒို ၊ လီဝမ်ဒေါစကီး တို့ ခေတ်လွန်မှာ ကမ္ဘာ့ ဘောလုံး လောကရဲ့ နံပါတ် ၁ တိုက်စစ်မှူး ဖြစ်လာမယ့် သူ အဖြစ် ထင်ကြေး ပေးထားကြတာပါ။ ဟာလန်း ကတော့ သူ့အနေနဲ့ လက်ရှိမှာ ဂိုးသွင်း စွမ်းရည် ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်နေပေမယ့် ဆက်လက် တိုးတက်နေဖို့ ကြိုးစား နေကြောင်းနဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးတွေ အားလုံးကို မကြာခဏ ဆိုသလို ပြန်ကြည့်ကာ သူ့ရဲ့ ဂိုးသွင်းနည်းစနစ် ပိုမို ကောင်းမွန်လာ စေဖို့ ကြိုးစား လုပ်ဆောင် နေကြောင်း သတင်း မီဒီယာ တစ်ခုနဲ့ ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ ပြောပြ သွားခဲ့ပါတယ်။

Photo Credit: AS English

ဒါ့အပြင် ဟာလန်းက သူ့အနေနဲ့ ဘောလုံး ရာသီ တစ်ခုမှာ အနိမ့်ဆုံး ဂိုး ၅၀ သွင်းယူနိုင်တယ် လို့လည်း ကြုံးဝါး သွားခဲ့ပါတယ်။ ဟာလန်းက ” ကျွန်တော်က မကြာခဏ ဆိုသလို ကျွန်တော့်ရဲ့ သွင်းဂိုးတွေကို ပြန်ကြည့်လေ့ ရှိပါတယ်။ ပြီးတော့ ကျွန်တော်က ကျွန်တော့်ရဲ့ ဂိုးသွင်းစွမ်းရည် ပိုပြီး ကောင်းလာအောင် လုပ်ပေးနိုင်မယ့် အရာ အားလုံးကို အသေးစိတ်က အစ ခွဲခြမ်း စိတ်ဖြာပြီး သုံးသပ်ပါတယ်။ မကြာခဏ ကျွန်တော် လုပ်လေ့ ရှိတာ ကတော့ ပြီးခဲ့တဲ့ ရာသီမှာ သွင်းယူခဲ့တဲ့ ၄၄ ဂိုးကို ပြန်ကြည့်တာပါပဲ။ ကျွန်တော်က တစ်ရာသီမှာ ဂိုး ၅၀ အထက်ကို အလွယ်တကူ သွင်းယူ နိုင်တဲ့သူပါ ” လို့ ပြောပြ သွားခဲ့တာပါ။ ဟာလန်းဟာ လက်ရှိ ဘောလုံးရာသီ မှာတော့ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံ မှာ ၂ပွဲ ကစား ပေးထားပြီး ၂ဂိုး သွင်းယူ ထားနိုင်ခဲ့ပါတယ်။