ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ သူနဲ့ ဒေါ့မွန်အသင်းရဲ့ တာဝန်ရှိသူတွေ ကြားထဲမှာ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒေါ့မွန် ၅-၁ ဖရိုင်းဘတ် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
အသက် ၂၁နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဆဲလ်ဘက်အသင်း ကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၃ဦးထဲက တဦး အဖြစ် သတ်မှတ်ခံရအောင် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဒေါ့မွန်အသင်း ကနေ ထွက်ခွာဖို့ အလားအလာ များပြားနေသူလည်း ဖြစ်ပါတယ်။
Photo Credit: Standard
ဟာလန်းဟာ ဒေါ့မွန်အသင်းထံ ရောက်ရှိပြီးနောက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၇၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇၈ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂၈ကြိမ် အထိလည်း ပြုလုပ်ထားနိုင်ပါတယ်။
ဒါကြောင့်ပဲ ဟာလန်းကို သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး စတင် အသက်ဝင်မယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး ဒေါ့မွန်အသင်း ကတော့ ဟာလန်းကို သူတို့အသင်းမှာသာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေသလို စံချိန်တင် လုပ်ခလစာ ပေးချေကာ စာချုပ်သစ် ချုပ်ဆိုဖို့လည်း လိုလားနေပါတယ်။
Photo Credit: Standard
ဒါပေမယ့် ဟာလန်းကတော့ ဒေါ့မွန်အသင်း ကနေ ထွက်ခွာဖို့သာ စိုင်းပြင်းနေပြီး လတ်တလောမှာ သူ့အနေနဲ့ အပြောင်းအရွှေ့ အကြောင်း မစဉ်းစားသေးပဲ အသင်းအတွက်သာ အာရုံစိုက် ပေးဆပ် ကစားဖို့ စီစဉ်ထားပေမယ့် ဒေါ့မွန်အသင်းရဲ့ တာဝန်ရှိသူတွေက သူ့ကို အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ အဖြေတခု ပေးဖို့ ဖိအားပေးနေကြောင်း ဖရိုင်းဘတ်နဲ့ ကစားရတဲ့ ပွဲစဉ်အပြီးမှာပဲ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းက – “ကျွန်တော်က ဒေါ့မွန်အသင်းကို လေးစားတာကြောင့် ပြီးခဲ့တဲ့ ၆လလုံးလုံး အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘယ်လိုစကားမျိုးကိုမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ အသင်းဘက်က အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချဖို့ ကျွန်တော့်ကို ဖိအားပေးနေပါပြီ။ ကျွန်တော်ကတော့ အသင်းအတွက် အာရုံစိုက် ကစားပေးဖို့ပဲ တွေးထားတာပါ။ အခု အသင်းရဲ့ တာဝန်ရှိသူတွေက ကျွန်တော့်ကို အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ဖို့ အတင်း ဖိအားပေးလာပါတယ်။ ဒါကြောင့် မကြာခင်မှာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျရေရာတဲ့ ဆုံးဖြတ်ချက် တခု ချပါတော့မယ်။ ကျွန်တော်က အသင်းအတွက် ၊ ပရိသတ်တွေ အတွက် အာရုံစိုက် ကစားချင်နေပေမယ့် ဒီပြဿနာကို အသင်းဘက်ကပဲ စခဲ့တာပါ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။