MySport Myanmar

အင်္ဂလန်ကို ကိုယ်စားပြုနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် နော်ဝေကိုပဲ ရွေးချယ်ခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စ်ကစားသမားလေး အာလင်းဟာလန်းဟာ နော်ဝေအသင်းကို ကိုယ်စားပြုအဖြစ် ပါဝင်ကစားနေသူ ဖြစ်ပေမယ့်လည်း သူ မွေးဖွားခဲ့တဲ့နေရာက အင်္ဂလန်နိုင်ငံမှာဖြစ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းကိုပါ ကိုယ်စားပြုနိုင်ပေမယ့် သူကိုယ်တိုင်က နော်ဝေကိုပဲ ရွေးချယ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဟာလန်းရဲ့ဖခင်ဖြစ်သူ အယ်လ်ဖင်းဟာလန်းဟာ လိဒ်စ်ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေစဉ်တုန်းက အာလင်းဟာလန်းကို မွေးဖွားခဲ့တာဖြစ်လို့ ဟာလန်းအနေနဲ့ လက်ရွေးစင်အသင်းကို ရွေးချယ်ရာမှာ အင်္ဂလန်ကိုရော သူ့ဖခင်ရဲ့ မွေးရပ်မြေ နော်ဝေကိုပါ ရွေးချယ်နိုင်တာ ဖြစ်ပါတယ်။ အယ်လ်ဖင်းက အင်္ဂလန်မှာ ဟာလန်း (၃)နှစ်သားအရွယ်ထိပဲ နေထိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ နော်ဝေကို ပြန်လည် ပြောင်းရွှေ့ဖြစ်လို့ ဟာလန်းအနေနဲ့ သူ အချိန်ခဏလေးသာ နေထိုင်ခဲ့တဲ့ နိုင်ငံထက် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံကိုပဲ သူရဲ့ ကိုယ်စားပြုနိုင်ငံအဖြစ် ရွေးချယ်ခဲ့ရခြင်းဟယ ရိုးရိုးရှင်းရှင်းနဲ့ သဘာဝကျကျ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

“ကျွန်တော်က အင်္ဂလန်မှာ (၃)နှစ်ခွဲ (၄)နှစ်လောက် နေခဲ့ရတယ်။ နော်ဝေမှာကျတော့ အချိန်အကြာကြီး နေထိုင်ခဲ့ရတယ်။ ဆိုတော့ နော်ဝေကို ရွေးချယ်တာက ကျွန်တော့်အတွက် သဘာဝကျပါတယ်။ တကယ်လို့များ ကျွန်တော့်အဖေက အင်္ဂလန်မှာသာ အချိန်အကြာကြီး နေထိုင်ခဲ့မယ်ဆိုရင် ကျွန်တော်လည်း အင်္ဂလန်ကို ရွေးချယ်နိုင်သွားမလားဆိုတာ မပြောနိုင်ဘူး။ ဒါတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်က နော်ဝေနိုင်ငံသားဆိုတာ ဟုတ်ပါတယ်။ ဒီ့အတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ်” ဟာလန်းက Goal.com နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ စွမ်းဆောင်ရည် အကောင်းဆုံးသော ဘောလုံးသမားတစ်ဦး အနာဂတ် ဘောလုံးလောကကို လွှမ်းမိုးနိုင်ဖွယ် ရှိနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်သူ ဟာလန်းဟာ သူရဲ့လက်ရွေးစင်အသင်း နော်ဝေက ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်မှုကြောင့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့ လွဲချော်ထားခဲ့ရပြီး ကမ္ဘာ့ဖလား ကျင်းပမယ့် နိုဝင်ဘာလနှောင်းပိုင်း ဒီဇင်ဘာလတွေအတွင်း အနားယူနေရတော့မှာ ဖြစ်ပါတယ်။ နွေရာသီက ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်းဟာ ဒီရာသီမှာ စီးတီးအတွက် (၁၇)ပွဲ ကစားထားအပြီး (၂၃)ဂိုးအထိ သွင်းယူထားပေးနိုင်ခဲ့ပါတယ်။

Exit mobile version