လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အက်ဖ် အင့်ခ် ဟာလန်းရဲ့ သားဖြစ်သူ အာလင်း ဟာလန်းကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန အများစုက ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြသွားခဲ့ကြပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ယခုအချိန်မှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်မှာ ကစားနေပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

အာလင်း ဟာလန်းဟာ အသက်အရွယ် ငယ်သေးပေမယ့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး သုံးဦးထဲမှာ တဦး အပါအဝင် ဖြစ်ပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးကလည်း ယူရို ၇၅သန်းသာ ရှိတာကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီးတွေ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးကတော့ သူတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဟာလန်းရဲ့ ဖခင်ကို အသုံးချကာ ဟာလန်းကို ခေါ်ယူဖို့ ခပ်မြန်မြန်ပဲ ကြိုးစားခဲ့ပြီး ဟာလန်းကို ခေါ်ယူဖို့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေနဲ့ ဟာလန်းရဲ့ အေးဂျင့် ရိုင်းအိုလာတို့ ကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ အပေါင်းလက္ခဏာ ဆောင်ခဲ့သလို ဟာလန်းကလည်း သူ ငယ်စဉ်က အားပေးခဲ့ဖူးတဲ့ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ကာ ပရီးမီးယားလိဂ်ရဲ့ အငွေ့အသက်ကို ခံစားချင်နေတာကြောင့် မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း ဆိုပါတယ်။