ယမန်နေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ နော်ဝေအသင်းနဲ့ နယ်သာလန်အသင်းတို့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ နယ်သာလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ဟာ လက်ချောင်းကျိုး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၃၀အရွယ် နယ်သာလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒူးအရွတ် ပြတ်တောက် ဒဏ်ရာ ရရှိပြီး ကာလရှည် အနားယူခဲ့ရပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ယခင်ကလို ခြေစွမ်းကောင်းတွေကို ပြန်လည် ပြသထားနိုင်သူပါ။

Photo Credit: Goal

နော်ဝေအသင်းနဲ့ ပွဲစဉ်မှာလည်း ဗန်ဒိုက်ဟာ နယ်သာလန်အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး သွင်းဂိုး တဂိုး ခွင့်ပြုခဲ့ရပေမယ့် နော်ဝေအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို ပွဲစဉ်တခုလုံး တားဆီးနိုင်ခဲ့ပါသေးတယ်။

ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်တာကြောင့် သူတို့နှစ်ဦး ရင်ဆိုင်တွေ့တဲ့ အချိန်တိုင်းမှာ အတော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ဗန်ဒိုက် တယောက် သူ့ကို တားဆီးဖို့ ကြိုးစားရင် လက်ချောင်း ကျိုးခဲ့ကြောင်းကို ဟာလန်းက ပွဲအပြီးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

 

ဗန်ဒိုက် တယောက် လက်ချောင်းကျိုးခဲ့တဲ့ အကြောင်းကို ဟာလန်းက – “ကျွန်တော်က ဗန်ဒိုက်ရဲ့ လက်ချောင်းကို ချိုးမိသလို ဖြစ်ခဲ့တယ် ထင်ပါတယ်။ အဲ့ဒါက ဘယ်လို ဖြစ်သွားတာလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဗန်ဒိုက်က သေစမ်း။ မင်း ငါ့လက်ချောင်းကို ချိုးလိုက်တယ် ဆိုပြီး ကျွန်တော့်ကို ပြောခဲ့ပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။

ဗန်ဒိုက်ဟာ လက်ချောင်းကျိုးဒဏ်ရာ ရရှိခဲ့ပေမယ့် ဒဏ်ရာဟာ အနည်းငယ်သာ နာကျင်မှု ရှိတာကြောင့် နယ်သာလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်တွေကို လွဲချော်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။