ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းနဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား မားကို့ရူးစ်တို့နှစ်ယောက်ကတော့ လက်ရှိအချိန်မှာ ဒဏ်ရာပြသာနာတွေကနေ အသီးသီးပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ မကြာခင်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်သလို အသင်းနဲ့ (၂)ပတ်တာလောက် လွဲချော်ခဲ့ရတဲ့ ဟာလန်းကတော့ မနက်ဖြန်ညမှာ ကျင်းပသွားမယ့် ဘွန်ဒစ်လီဂါပွဲစဉ်(၃၁)မှာ ပြန်လည်ပါဝင်ကစားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

နော်ဝေဆယ်ကျော်သက် တိုက်စစ်မှူးလေးဟာလန်းဟာ ဒေါ့မွန်နဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ ကစားခဲ့ကြတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်အတွင်းမှာ ဒိုင်လူကြီးနဲ့ မတော်တဆ ထိခိုက်မိခဲ့ရာကနေ ဒူးဒဏ်ရာ ခံစားခဲ့ရတာကြောင့် ပါဒါဘွန်းကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲအပြင် ဟာသာဘာလင်ကို ကပ်နိုင်ခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်တွေကိုပါ လွဲချော်ခဲ့ရပါတယ်။ ဒီလို အသင်းနဲ့ ပွဲစဉ်(၂)ပွဲကို လွဲချော်ခဲ့ရတဲ့ ဟာလန်းဟာ အခုဆိုရင် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ မနက်ဖြန်ည(၈)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားရမယ့် ဒစ်ဆယ်ဒေါ့ဖ်အသင်းနဲ့ပွဲစဉ်မှာ ဒေါ့မွန်အတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : Bundesliga

နောက်ထပ် ဒေါ့မွန်အသင်းရဲ့ အမာခံကစားသမားတစ်ဦးဖြစ်သူ အသက်(၃၁)နှစ်အရွှယ် အသင်းခေါင်းဆောင် မားကို့ရူးစ်ကလည်း ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရာကနေ အခုဆိုရင် အသင်းနဲ့ လေ့ကျင့်ခန်းတွေကိုပါ ပြန်လည်ဆင်းလာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဂျာမန်ကစားသမားကြီးရူးစ်ဟာ ပေါင်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေစတင်ပြီး အနားယူနေခဲ့ရတာဖြစ်ကာ အခုမှပဲ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။ မားကို့ရူးစ်ကတော့ အခုမှ ဒဏ်ရာကနေ သက်သာခါစဖြစ်လို့ ဒေါ့မွန်အတွက် ချက်ချင်းကစားပေးနိုင်ဦးမှာမဟုတ်ပဲ ကြံခိုင်ရေးပြည့်ဝအောင် အရင်ဆုံး လုပ်ဆောင်ရဦးမှာပဲဖြစ်ပါတယ်။ ဒေါ့မွန်ဟာ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရမှတ်(၇)မှတ်အထိ ကွာဟနေတာဖြစ်လို့ ဘွန်ဒစ်လီဂါချန်ပီယံဆုကို လက်လျှော့ရဖို့က သေချာသလောက် ရှိနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်ကိုပဲ ဆက်လက်ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။