ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ချယ်လ်ဆီးအသင်းကတော့ လာမယ့်ဘောလုံးရာသီသစ်မှာ နောက်ထပ်အောင်မြင်မှုများစွာကို ရယူသွားနိုင်ဖို့အတွက် နွေစျေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိရာ လတ်တလောမှာတော့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဘောလုံးသမား အပြောင်းအရွှေ့သတင်းထူးအကြောင်းတွေကို တင်ဆက်ပေးနေလျက်ရှိတဲ့ The Transfer Window Podcast အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ ဂျာနယ်လစ်တစ်ဦးရဲ့ အဆိုအရ ချယ်လ်ဆီးအသင်းဟာ အသက်(၂၀)အရွှယ်ရှိ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား ဟာလန်းကို အသင်းဆီ အရခေါ်ယူဖို့အတွက် ကစားသမားနဲ့ ချယ်လ်ဆီးအသင်းတို့ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ကို ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဂျာနယ်လစ်က ဟာလန်းရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ကြား ပြောင်းရွှေ့ကြေးကိုသာ ညှိ့နှိုင်းရတော့မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။


Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ နော်ဝေတိုက်စစ်မှူးဟာလန်းကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)အပါအဝင် အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကိုပါ အလိုက်ပေးကမ်းလှမ်းမှုနဲ့ ကနဦး ကမ်းလှမ်းချက်ကို စတင်လုပ်ဆောင်သွားဖွယ် ရှိနေပေမယ့် ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)ကိုသာ အလိုရှိနေပါတယ်။ သို့ပေမယ့်လည်း ချယ်လ်ဆီးဘက်ကနေ အေဘရာဟမ်အပြင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၉၀)ခန့်လောက်နဲ့သာ ထပ်တိုးကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ဒေါ့မွန်ဘက်ကနေ ဒီကမ်းလှမ်းချက်ကို လက်သင့်ခံ စဉ်းစားလာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်းမှာ ဟာလန်းအပြင် ဟာလန်းရဲ့အသင်းဖော်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ မော်ရိုကိုညာနောက်ခံကစားသမား ဟာခီမီကိုပါ အင်တာမီလန်အသင်းကနေ ခေါ်ယူချင်နေပြီး ဟာခီမီအတွက် ပြောင်းရွှေ့ကြေးအပြင် အီမာဆန် ဒါမှမဟုတ် ခရစ္စတီယန်ဆန်တို့လို နောက်ခံကစားသမားတစ်ဦးကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။