MySport Myanmar

သူတို့အသင်းက အရင်ကလို အသင်းမျိုး မဟုတ်တော့ကြောင်း ဟာလန်း ဝန်ခံ

ဒီနေ့မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီပွဲကြီးမတိုင်ခင်မှာ မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းက သူ့ရဲ့အသင်းဟာ နည်းပြပက်ပ် ဂွါဒီယိုလာရဲ့ လက်အောက်မှာ အဆင့်သစ်တစ်ခုကို ဝင်ရောက်နေပြီဖြစ်ပြီး အရင်ကလို အသင်းမျိုး မဟုတ်တော့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်ပါတယ်။

သိပ်မကြာသေးခင် နှစ်ပိုင်းလောက်က စီးတီးအသင်းရဲ့ ဖလားသုံးလုံးအောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ ကီဗင် ဒီဘရိုင်း၊ အီလ်ကေး ဂွန်ဒိုဂန်၊ ကိုင်းလ် ဝေါ်လ်ကာ၊ အယ်ဒါဆင်နဲ့ မန်နူရယ် အကန်ဂျီတို့လို ကစားသမား (၅)ဦးကို ဒီနွေဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ သူတို့နေရာမှာ ရေယန် ချာကီ၊ တီဂျာနီ ရိန်ဒါစ်၊ ဂျိမ်းစ် ထရက်ဖို့ဒ်နဲ့ ဂျန်လုဂျီ ဒွန်နာရမ်မာတို့လို မျက်နှာသစ်တွေ ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နည်းပြအဖွဲ့မှာလည်း အရေးပါတဲ့ လက်ထောက်နည်းပြ (၃)ဦး ထွက်ခွာသွားခဲ့ပြီး သူတို့နေရာကို ကလော့ပ်ရဲ့ လက်ထောက်ဟောင်း ပက်ပ် လိန်ဒါစ်နဲ့ စီးတီးနောက်ခံလူဟောင်း ကိုလို တိုရေးတို့က အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

Photo Credit : Goal

ဒီအပြောင်းအလဲတွေကြောင့် အသင်းမှာ စတုတ္ထမြောက်ရာသီကို ဖြတ်သန်းနေတဲ့ ဟာလန်းက သူ့အနေနဲ့ ပိုပြီး တာဝန်ယူရတော့မယ်လို့ ဆိုပါတယ်။ “အရေးပါတဲ့သူတွေ အများကြီး ထွက်သွားခဲ့တော့ လူသစ်တွေက နေရာဝင်ယူပြီး ခြားနားမှုတွေ ပြုလုပ်ပေးရမှာဖြစ်သလို ကျွန်တော့်လို နှစ်အတော်ကြာရှိနေတဲ့သူတွေကလည်း ပိုပြီး တာဝန်ယူရပါတော့မယ်။” လို့ ဟာလန်းက Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အသင်းကို လမ်းညွှန်ပေးရမယ်။ လူသစ်တွေကို တတ်နိုင်သလောက် မြန်မြန်အသားကျအောင် ကူညီပေးရမယ်။ ဘာလို့လဲဆိုတော့ နိုင်ငံအသစ်ကိုရောက်လာပြီး ချက်ချင်းခြေစွမ်းပြဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့ အချင်းချင်းကူညီရမယ်။ အတိတ်က အတိတ်မှာပဲ ကျန်ခဲ့ပြီ။ ကျွန်တော်တို့ အရင်ကအသင်းမျိုး မဟုတ်တော့ဘူးဆိုတာကို နားလည်ရမယ်။ အခု ကျွန်တော်တို့မှာ အရည်အသွေးအသစ်တွေ ရှိလာပြီ။ အဲ့ဒီအပေါ်မှာ အလိုက်သင့် ပြောင်းလဲကစားရမှာပါ။” လို့ သူက ဆိုပါတယ်။

Photo Credit : Manchester City News

စပါးနဲ့ ဘရိုက်တန်တို့ကို ဆက်တိုက်ရှုံးနိမ့်ထားတဲ့ စီးတီးအသင်းဟာ ဒီပွဲမှာ နိုင်ပွဲပြန်လည်ရှာဖွေဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်အသင်းက အမှတ်ပေးဇယားမှာ စီးတီးအထက်ကနေ ရပ်တည်ပြီး ဒီဒါဘီပွဲကို စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဖိအားတွေနဲ့ ပတ်သက်ပြီး ဟာလန်းက “ဟုတ်ပါတယ်၊ ကျွန်တော် ခြေစွမ်းပြရမယ်။ လူတွေက ကျွန်တော့်ဆီက အများကြီး မျှော်လင့်ထားကြတယ်။ အဲ့ဒီဖိအားကို အကောင်းမြင်တဲ့ဘက်ကနေ အသုံးချရမှာပါ။ အရှုံးတွေများလာတဲ့အခါ ဖိအားတွေအောက်မှာ နေရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ဒါက ကျွန်တော် ဒီမှာရှိနေရတဲ့ အကြောင်းရင်းပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့ည ကစားမယ့်ပွဲစဉ်မှာ အသင်းနှစ်သင်းလုံးရဲ့ ဂိုးသမားသစ်တွေဖြစ်တဲ့ ဒွန်နာရမ်မာ (စီးတီး) နဲ့ ဆန်နီ လမ်းမန်စ် (ယူနိုက်တက်) တို့ ပရီးမီးယားလိဂ်ပွဲဦးထွက် ကစားဖွယ်ရှိနေတာကြောင့် ဒီဒါဘီပွဲစဉ်ဟာ အထူးစိတ်ဝင်စားစရာ ကောင်းနေမှာ သေချာပါတယ်။

Exit mobile version