ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဝုဖ်ဘက် ၁-၃ ဒေါ့မွန်ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားရင်း သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားဘဝ ဘွန်ဒက်လီဂါသွင်းဂိုးဟာ ၅၀ဂိုး ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

Photo Credit: Daily Mail

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ အောက်တိုဘာလ ၂၀ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အေဂျက် ၄-၀ ဒေါ့မွန် ပွဲစဉ်ပြီးကတည်းက တင်ပါးဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပြီး ဝုဖ်ဘက်နဲ့ပွဲစဉ်မှာလည်း လူစားဝင် ကစားသမား အဖြစ်သာ ပါဝင် ကစားခဲ့ရပေမယ့် သွင်းဂိုး ၁ဂိုးတော့ ရအောင် သွင်းနိုင်ခဲ့ပါတယ်။

အာလင်း ဟာလန်းဟာ ၂၀၁၉ခုနှစ်မှာ ဆဲလ်ဘက်အသင်း ကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဒေါ့မွန်အသင်းထံ ရောက်ရှိတဲ့ အချိန်မှ စတင်ကာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

အချက်အလက် မှတ်တမ်းတွေအရ ဝုဖ်ဘက်အသင်းနဲ့ပွဲစဉ်မှာ ဟာလန်းရဲ့ ကစားသမားဘဝ ဘွန်ဒက်လီဂါ ပွဲ၅၀ ပြည့်မြောက်တဲ့ ပွဲတပွဲ ဖြစ်ပြီး ဟာလန်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ပွဲ၅၀ ကစားထားရာ သွင်းဂိုး ၅၀ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်ပဲ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ဒေါ့မွန်အသင်းကလည်း ဟာလန်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။