စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကတော့ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်းမှာ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် ကစားသမား ခေါ်ယူမှုတွေကို မလုပ်ဆောင်ခဲ့တာဟာ လာမယ့် နွေစျေးကွက်မှာ အသင်းကို အကြီးစား ပြုပြင်ပြောင်းလဲမှု ပြုလုပ်မှာ ဖြစ်တာကြောင့် ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိအချိန်မှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အသင်းဖြစ်ပေမယ့် အသင်းရဲ့ အဓိက ကစားသမား အများစုဟာ သူတို့ရဲ့ အကောင်းဆုံး အချိန်တွေကို ကျော်လွန်လာပြီ ဖြစ်တာကြောင့် အသင်းရဲ့ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်ဖို့ လိုအပ်နေပါတယ်။

 

Photo Credit: Goal

အထူးသဖြင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးလို့ ဆိုရမယ့် ဘန်ဇီမာဟာ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တာကြောင့် သူ့ရဲ့ နေရာကို လာမယ့် ရာသီမှာ ကျိန်းသေပေါက် အစားထိုးရမှာ ဖြစ်ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို သူတို့ အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပါတယ်။ ဒါပေမယ့် အမ်ဘာပေလို ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ပီအက်စ်ဂျီအသင်းက အလွယ်တကူ လက်လွှတ်ဖွယ် မရှိတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေကို မခေါ်ယူနိုင်ပါက ဒေါ့မွန််အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ် ထားကြောင်း စပိန်နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ မာကာသတင်းဌာန က ဖော်ပြသွားပါတယ်။

Photo Credit: Goal

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နော်ဝေ လူငယ်တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိအချိန်မှာ အတော်လေး ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ မှာ ၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ်လည်း ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိသူ ဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ်မှာ ဆိုရင်တော့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၇၀သန်းသာ ရှိတော့မှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ဟာလန်းကို အခြားအသင်းတွေနဲ့ ယှဉ်မလုချင်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိကြောင်း သိရပါတယ်။