ယနေ့ည မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲကြီးပွဲကောင်းမတိုင်ခင်မှာ အာဆင်နယ်တိုက်စစ်မှူး ဗစ်တာ ယော်ကယ်ရက်စ်က သူ့ရဲ့ နာမည်ကျော် “Mask” အောင်ပွဲခံမှုရဲ့ နောက်ကွယ်က ဇာတ်လမ်းနဲ့ သူ့ကို ဝေဖန်သူတွေအပေါ် သူ့ရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ Mask အောင်ပွဲခံမှုဟာ Batman ဇာတ်ကားထဲက ဗီလိန်ကြီး Bane ရဲ့ “Mask မတပ်ခင်အထိ ဘယ်သူမှ ကျွန်တော့်ကို ဂရုမစိုက်ခဲ့ဘူး” ဆိုတဲ့ နာမည်ကြီးစကားလုံးကနေ စိတ်ကူးရခဲ့တာဖြစ်ကြောင်း ယော်ကယ်ရက်စ် Sky Sports နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ ဒီအောင်ပွဲခံမှုဟာ သူ့ရဲ့ကစားသမားဘဝအတွက် အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကိုဗင်ထရီအသင်းမှာ ရုန်းကန်နေရတဲ့ ကစားသမားဘဝကနေ ချန်ပီယံရှစ်မှာ ဂိုး (၂၀)သွင်းနိုင်တဲ့ တိုက်စစ်မှူး အဲ့ဒီကနေ စပို့တင်း လစ္စဘွန်းမှာ (၁၀၂)ပွဲအတွင်း (၉၇)ဂိုးအထိ သွင်းယူနိုင်တဲ့ ဂိုးသွင်းစက်တစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
Photo Credit : Sky Sports
“ကျွန်တော့်အတွက် ဖြစ်ပျက်ခဲ့တာတွေနဲ့ ပြန်ကြည့်ရင် ဒီစကားက တော်တော်လေး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် ဒီအောင်ပွဲခံမှုကို စလုပ်ပြီးတဲ့နောက်မှာ ဂိုးတွေ ပိုသွင်းလာနိုင်ခဲ့တယ်။ ဒါကြောင့် Mask ကို ပိုပြီး မကြာခဏ လုပ်ဖြစ်လာတာပေါ့။” လို့ ယော်ကယ်ရက်စ်က ဆိုပါတယ်။ အသက် (၂၇)နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူးဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ဝေဖန်မှုတွေနဲ့ အမြဲရင်ဆိုင်ခဲ့ရပါတယ်။
“ဆွီဒင်မှာတုန်းက အသက် (၁၄)နှစ်အောက်အသင်းမှာ နည်းပြတစ်ယောက်က ကျွန်တော့်ကို ဘောလုံးမှာအောင်မြင်ဖို့အတွက် လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းမရှိဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီစကားက ကျွန်တော့်ရင်ထဲမှာ စွဲနေခဲ့ပြီး ဒီနေ့အထိ မှတ်မိနေတုန်းပဲ” လို့ သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ပေါင် (၆၃.၅)သန်းနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးနောက်မှာတောင် သူ့အပေါ် ဝေဖန်မှုတွေက မရပ်တန့်ခဲ့ပါဘူး။ ယူနိုက်တက်နဲ့ပွဲအပြီးမှာ ဘောလုံးထိတာထက် ဆံပင်ကို ထိတာပိုများတယ်လို့ ဝေဖန်ခံခဲ့ရပြီးနောက် လိဒ်စ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းကာ ဆံပင်သပ်တဲ့ပုံစံနဲ့ အောင်ပွဲခံပြီး တုံ့ပြန်ခဲ့ပါသေးတယ်။
Photo Credit : BeSoccer
ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူက “ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်ပြီး ရှေ့ဆက်သွားရမှာပါ။ ပတ်ဝန်းကျင်ကလူတိုင်းပြောတာကို လိုက်နားထောင်နေစရာမလိုပါဘူး။ အင်္ဂလန်မှာ စိစစ်ဝေဖန်မှုတွေက ပိုကြီးမားတယ်ဆိုပေမယ့် ဒါက ဒီအတိုင်းပါပဲ။ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲ အာရုံစိုက်ပြီး မှန်အောင်လုပ်သွားဖို့ပါပဲ။” လို့ သူ့ရဲ့ခံယူချက်ကို ရှင်းပြခဲ့ပါတယ်။
ယော်ကယ်ရက်စ်အတွက် အင်္ဂလန်မှာ အသားကျဖို့ အချိန်အများကြီးမရပါဘူး။ အထူးသဖြင့် ယနေ့ည ကစားမယ့် မန်စီးတီးနဲ့ပွဲလိုမျိုး ပွဲကြီးပွဲကောင်းတွေမှာ ချက်ချင်းခြေစွမ်းပြဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက ယော်ကယ်ရက်စ်ဟာဟာ ပက်ပ် ဂွါဒီယိုလာရဲ့ စီးတီးအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တုန်းက စပို့တင်းအတွက် ဟက်ထရစ်သွင်းယူပြီး ၄-၁ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။”ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေနဲ့တွေ့တဲ့အခါ ခြေစွမ်းပြဖို့ လိုအပ်ပါတယ်။ ဒီလိုပွဲမျိုးတွေကို ကျွန်တော်တို့ မျှော်လင့်စောင့်စားနေပြီး အနိုင်ရချင်ပါတယ်။” လို့ ယနေ့ည ပွဲစဉ်အတွက် သူ့ရဲ့စိတ်ပိုင်းဖြတ်မှုကို ပြသသွားခဲ့ပါတယ်။