အာဆင်နယ်အသင်းဟာ အသင်းအတွက် အရမ်းကို အလိုရှိနေတဲ့ အထောင်တိုက်စစ်နေရာအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီ(၂)ခုအတွင်း စပို့တင်း လစ္စဘွန်းအသင်းအတွက် (၉၇)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ယူရို (၇၃.၅)သန်းနဲ့ အရ ခေါ်ယူလိုက်နိုင်ပြီး အသင်းက ဂန္တဝင် ကစားငမားဟောင်းကြီး သီယာရီ အွန်နရီရဲ့ ကျောနံပါတ်(၁၄)ကိုပါ ဝတ်ဆင်ခွင့်ပြုလိုက်ပါတယ်။
ပေါ်တူဂီထိပ်တန်းကလပ်ကို လိဂ်ဖလား (၂)ကြိမ်နဲ့ ပြည်တွင်းဖလား(၁)ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ယိုကယ်ရက်စ်ဟာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်ကို သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး မှတ်တမ်းတွေအပြင် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ (၆)ဂိုး သွင်းယူနိုင်ခဲ့တာက သက်သေခံနေပါတယ်။
Photo Credit : talkSPORT
အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ကစားသမားဘဝမှာ ဘရိုက်တန် ဆွမ်ဆီးစီးတီးနဲ့ ကိုဗင်ထရီစီးတီးအသင်းတွေမှာ ကစားခဲ့ဖူးပေမယ့် ပရီးမီးယားလိဂ်မှာတော့ တစ်ခါမှ ပါဝင်ကစားဖူးခြင်း မရှိသေးပါဘူး။ အခု မြောက်လန်ဒန်ကို ရောက်ရှိလာပြီးနောက်မှာတော့ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေး ရလာပြီဖြစ်ပြီး အသင်းဖော်ကောင်းတွေရဲ့ ဖန်တီးမှုတွေနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြဖို့ အသင့်ဖြစ်နေပါပြီ။
“ကျွန်တော်က အမြဲတမ်း ဂိုးသွင်းချင်တဲ့သူပါ။ ဒီကလပ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရပြီး ဒီဂျာစီ ဒီအသင်းတံဆိပ်နဲ့ ပရိသတ်အားလုံးရဲ့ ရှေ့မှောက်မှာ ဂိုးသွင်းခွင့်ရဖို့ကို ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ဒါဟာ တကယ်ကို အံ့ဩစရာကောင်းတဲ့ ခံစားချက် ဖြစ်မှာပါ။ အင်္ဂလန်မှာ ကစားသမားဘဝကို စခဲ့တာ အချိန်အတော်ကြာခဲ့ပြီလို့ ခံစားရပါတယ်။ အဲ့ဒီအချိန်ကတည်းက ကျွန်တော် အများကြီး တိုးတက်လာခဲ့တယ်လို့ ထင်ပါတယ်။ အခုတော့ ကျွန်တော့်ကိုယ်ကျွန်တော် တကယ် သက်သေပြပြီး အသင်းနဲ့အတူ ခြေစွမ်းပြချင်ပါတယ်။”
Photo Credit : beIN SPORTS
“နိုင်ငံအတွက် ကစားခွင့်ရတာက ကြီးမားတဲ့ ဂုဏ်ယူစရာပါ။ နိုင်ငံအတွက် ဂိုးတွေ သွင်းပေးရတာက ပိုပြီးတော့တောင် အံ့ဩဖို့ကောင်းပါတယ်။ စပို့တင်းမှာ ကစားတုန်းကလည်း ချန်ပီယံလိဂ်မှာ ဂိုးအနည်းငယ် သွင်းနိုင်ခဲ့တော့ အဲ့ဒီအဆင့်မှာ ကျွန်တော် ကစားနိုင်တယ်လို့ ခံစားမိပါတယ်။ အခု အာဆင်နယ်လို အဆင့်အတန်းမြင့်တဲ့ ကလပ်ကို ရောက်လာတာက ကျွန်တော့်ကို ပိုကောင်းတဲ့ ခြေစွမ်းပြနိုင်အောင် ကူညီပေးပါလိမ့်မယ်။ ဒီအသင်းက အံ့ဩစရာကောင်းတဲ့ ကစားသမားတွေနဲ့အတူ ကစားရမှာမို့ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။”
“ကျွန်တော့်အတွက် ဒါက မှန်ကန်တဲ့ ကလပ်အသင်းပဲလို့ ခံစားမိခဲ့ပါတယ်။ မီခေးလ်နဲ့ အန်ဒရီယာတို့နဲ့ စကားပြောတုန်းက ကြားခဲ့ရတာတွေ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းရဲ့ ကစားပုံတွေကို မြင်တွေ့ခဲ့ရတာတွေကြောင့်ပါ။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်နဲ့ ရင်ဆိုင်ကစားခဲ့တုန်းကလည်း သူတို့ဟာ အရမ်းတောင့်တင်းပြီး ရင်ဆိုင်ရခက်တဲ့ အသင်းတစ်သင်းဆိုတာကို ကျွန်တော် တကယ် ခံစားမိခဲ့တယ်။ ဒါတွေကြောင့် အာဆင်နယ်ကို ရွေးချယ်ခဲ့တာပါ။ နောက်ပြီး ကလပ်ရဲ့ ကြီးကျယ်တဲ့ သမိုင်းကြောင်းနဲ့ ကြီးမားတဲ့ ပရိသတ်အင်အားကြောင့်လည်း ပါပါတယ်။ ကျွန်တော် မရောက်လာခင်ကတည်းက သူတို့ပေးခဲ့တဲ့ အားပေးမှုတွေကို မြင်ရတာ တကယ်ကို အံ့ဩစရာပါပဲ။ ကွင်းထဲမှာ သူတို့ကို တွေ့ရဖို့က သိပ်ကို ကောင်းမွန်တဲ့ အခိုက်အတန့် ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။