MySport Myanmar

လာလီဂါမှာ ကစားသမားဘဝကို ပြန်လည် တည်ဆောက်ခွင့် ရခဲ့တဲ့ ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဘောလုံးကစားခွင့် မရှိနိုင်တော့တဲ့ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေး မေဆန် ဂရင်းဝုဒ်ဟာ နောက်ဆုံးမှာတော့ လာလီဂါကလပ် ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပြီး သူရဲ့ ကစားသမားဘဝကို ပြန်လည် တည်ဆောက်ဖို့ အခွင့်အရေးကောင်းတစ်ခု ရလာခဲ့ပါတော့တယ်။

ဗန်ပါစီ လက်သစ်လေးလို့ တင်စားခံခဲ့ရတဲ့အထိ ဘောလုံး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူ ဂရင်းဝုဒ်ဟာ သူရဲ့ ချစ်သူ မိန်းကလေးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် အမှု ရင်ဆိုင်ခဲ့ရရင်း အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပေမယ့် သူရဲ့ ယူနိုက်တက် ကစားသမားဘဝကတော့ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းမှာ ပြန်လည် နေရာပေးဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အသင်းရဲ့ အမျိုးသမီး ပရိသတ်တွေနဲ့ အမျိုးသမီး ဝန်ထမ်းတွေရဲ့ ဖိအားပေး ဆန့်ကျင် ကန့်ကွက်မှုတွေကြောင့် နောက်ဆုံးမှာတော့ ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းနဲ့ ဝေးရာမှာ ထားရှိဖို့ကိုပဲ ဆုံးဖြတ်ခဲ့ရပါတယ်။

အခုတော့ ယူနိုက်တက်က ဂရင်းဝုဒ်ကို စပိန် လာလီဂါကလပ် ဂီတာဖေးအသင်းဆီကို အငှားချလိုက်ပြီဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ဂရင်းဝုဒ်အတွက် ဂီတာဖေးဆီကနေ အငှားကြေး မယူခဲ့သလို ဂရင်းဝုဒ်ရဲ့ တစ်ပတ်လုပ်ခအဖြစ်နဲ့လည်း ပေါင် (၇၅၀၀၀)အထိပါ ပေးချေသွားမှာဖြစ်လို့ ဂီတာဖေးဘက်က အနည်းငယ်လောက်သာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Yardbarker

ဒါပေမယ့် ဂီတာဖေးအသင်းဘက်က သူတို့တွေ ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူနိုင်ပြီဆိုပြီး တရားဝင် ထုတ်ပြန် ကြေညာချိန်မှာ ဂီတာဖေးအသင်းအပေါ် ဝေဖန်မှုတွေ များစွာနဲ့ ရင်ဆိုင်ခဲ့ရသလို ရာဇဝတ်သားတစ်ဦးကို ခေါ်ယူနိုင်လိုက်တာ ရှက်စရာကောင်းတယ်လို့ ပြစ်တင်ခဲ့ကြပါသေးတယ်။ ဂီတာဖေး အလားတူ ဂရင်းဝုဒ်လည်း လာလီဂါမှာ ဝေဖန်မှုတွေနဲ့ အလူးအလဲ ရင်ဆိုင်ရဦးမှာ သေချာပါတယ်။

ဒီလို အခြေအနေမှာ ဂရင်းဝုဒ်အနေနဲ့ ဝေဖန်မှုတွေကို အာရုံမစိုက်ပဲ သူရဲ့ ကစားသမားဘဝ ပြန်လည် တောက်ပနိုင်ဖို့အတွက်ကိုသာ အပြည့်အဝ အာရုံစိုက်ပြီး အကောင်းဆုံး ကြိုးစားသင့်ပါတယ်။ ဂရင်းဝုဒ်ဆိုတာ တကယ်ကို ဘောလုံး အရည်အသွေးကောင်းတွေ ပြည့်ဝသူတစ်ဦးဖြစ်တာမို့ ဝေဖန် ကဲရဲ့မှုတွေကိုသာ ကိုင်တွယ်နိုင်မယ်ဆိုရင် အရင်လို ပြန်တောက်ပလာမှာ လုံးဝကို အသေအချာပါပဲ။

Exit mobile version