နာမည်ကျော် ဝါရင့် နယ်သာလန် နည်းပြကြီး ဂူဟစ်ဒင့်ကတော့ သူဟာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီးနောက် အလုပ်ကို ပုံမှန်အတိုင်း မလုပ်နိုင်တော့တာကြောင့် နည်းပြဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဗွီနဲ့ နယ်သာလန် လက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂူဟစ်ဒင့်ဟာ သူ့ခေတ် သူ့အခါမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြ၁၀ဦး စာရင်းဝင် နည်းပြတဦး ဖြစ်ပြီး လက်ရှိမှာတော့ အသက် ၇၄နှစ် ရှိနေပါပြီ။

Photo Credit: Standard

ဟစ်ဒင့်ဟာ သူ့ရဲ့ နည်းပြဘဝကို ပီအက်စ်ဗွီအသင်းနဲ့ စတင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီး ၊ ဗလင်စီယာ စတဲ့ နာမည်ကြီး ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို နယ်သာလန်အသင်း ၊ တောင်ကိုရီးယားအသင်း တို့ကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်တွေဆီ ပို့ပေးနိုင်ခဲ့ကာ ရုရှားအသင်းကို ကိုင်တွယ်စဉ်မှာလည်း ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ဖူးပါတယ်။

ဒါကြောင့် ဟစ်ဒင့်ကို ရှုံးထွက်ပြိုင်ပွဲတွေရဲ့ ဘုရင်ကြီးလို့ သတင်းထောက်တွေက ချီးကျူးထားကြပြီး ဟစ်ဒင့်ရဲ့ နည်းပြဘဝမှာ ရရှိခဲ့တဲ့ ဆုဖလား အောင်မြင်မှုတွေကလည်း ရှုံးထွက်ဖလားတွေသာ ဖြစ်တာကြောင့် အဆိုပါ သုံးသပ်ချက်တွေဟာ မှန်ကန်တယ်လို့ ဆိုရမှာပါ။

Photo Credit: Standard

နည်းပြဘဝ ကနေ အောင်မြင်တော့မယ့် အကြောင်းကို ဟစ်ဒင့်က – “ကိုဗစ်ကူးစက်ခံရပြီး နောက်ပိုင်းမှာ ကျွန်တော်က အလုပ်တွေ သိပ်မလုပ်နိုင်တော့ဘူး။ အဲ့ဒီလိုပဲ ကျွန်တော်က Curacao ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့ စကားပြောကြည့်တော့လည်း ကျွန်တော်တို့ နှစ်ယောက်လုံးက ကျွန်တော်ဟာ အနားယူဖို့ လိုအပ်နေပြီလို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အခုတော့ သူတို့က နောက်ထပ် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်တော့မှာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ အနားယူရမယ့် အချိန်ကို ရောက်နေပါပြီ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။