ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စပိန်လာလီဂါချန်ပီယံဆုဖလားကို ပိုင်ဆိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ လာလီဂါပြိုင်ပွဲအတွင်း တန်းတတ်ကာဒစ်ဇ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရှက်တာဒိုးနက်ကို ရှံးနိမ့်ခဲ့ကာ မိုချန်ဂလာဘတ်ကိုလည်း သရေသာ ကစားထားနိုင်ခဲ့လို့ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေရှိနေတဲ့ ရီးရဲလ်အသင်းဟာ အသင်းရလဒ်ဆိုးတွေကြောင့် သူတို့ရဲ့နည်းပြဇီဒန်းကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့အထိပါ စီစဉ်လာခဲ့ပြီး လာမယ့်ပွဲတွေမှာပါ ဆက်တိုက်ရလဒ်ဆိုးနေမယ်ဆိုရင်တော့ ဇီဒန်းကို ထုတ်ပယ်ဖွယ်ရှိနေပါတယ်။

Photo Credit : AS English

ရီးရဲလ်အသင်းအနေနဲ့ ဇီဒန်းကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖြစ်မယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေသေးတဲ့ စပါးနည်းပြဟောင်းပိုချက်တီနိုအပါအဝင် အသင်းရဲ့ကစားသမားဟောင်းများဖြစ်တဲ့ ရာအူး(လက်ရှိမှာ ရီးရဲလ်လူငယ်အသင်းနည်းပြ) ဇာဗီအလွန်ဆိုတို့ထဲက တစ်ယောက်ယောက်နဲ့ အစာထိုးသွားဖို့ ပြင်ဆင်နေတဲ့အပြင် နောက်ထပ်အသင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂူတီကိုပါ ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : FC Barcelona Noticias

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်းဂူတီဟာ ရီးရဲလ်မှာ (၁၅)နှစ်အထိ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်းမှာလည်း နည်းပြနယ်ပယ်ထဲကို ဝင်ရောက်ကျင်လည်နေသူဖြစ်ပါတယ်။ ရီးရဲလ်လူငယ်အသင်းမှာ နည်းပြဘဝကို စတင်ခဲ့တဲ့ ဂူတီဟာ သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဘက်ရှီးတက်စ်မှာလည်း လက်ထောက်နည်းပြအဖြစ်နဲ့လည်း ဆောင်ရွှက်ခဲ့သလို စပိန်ဆီဂန်ဒါကလပ် အယ်မီးရီးယားအသင်းမှာပါ နည်းပြအဖြစ် တစ်ရာသီဆောင်ရွှက်ခဲ့ပါတယ်။ ကစားသမားဘဝတုန်းက Underrated ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အသင်းကို အတော်လေး အကျိုးပြုနိုင်ခဲ့သူဖြစ်တဲ့ ဂူတီဟာ နည်းပြနယ်ပယ်အတွင်းမှာတော့ သိပ်ပြီးအောင်မြင်မှုတွေ သိပ်မယူနိုင်သေးသူဖြစ်တဲ့အပြင် အယ်မီရီးယားအသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းကလည်း ကစားသမားတွေနဲ့အတူ နိုက်ကလပ်တတ်ရောက်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။ ရီးရဲလ်အသင်းအနေနဲ့ ဒီနေ့ညမှာ ဟွယ်ဆကာအသင်းနဲ့ လာလီဂါပွဲစဉ်ကို ဆင်နွဲရမှာဖြစ်ပြီး ကြားရက်မှာတော့ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်တိုက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။