MySport Myanmar

အာဆင်နယ်အသင်းနဲ့ နိုင်ပွဲ ရာပြည့်သွားခဲ့တဲ့ ဂန်းနား မာစတာ အာတေတာ

အာဆင်နယ်အသင်း နည်းပြဖြစ်သူ မီခယ်လ်အာတေတာဟာ မနေ့က ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အတွင်း (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာကြောင့် ဒီနိုင်ပွဲက သူ့အတွက်တော့ ဂန်းနားနည်းပြဘဝ နိုင်ပွဲ (၁၀၀)ပြည့်မြောက်ခဲ့တဲ့ အမှတ်တရ ပွဲစဉ် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

စပိန်လူမျိုး ဘောလုံးနည်းပြ အာဆင်နယ် ကစားသမားဟောင်း နည်းပြကြီး ပက်ပ်ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြဟောင်းဖြစ်သူ အာတေတာဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့မှာပဲ အာဆင်နယ်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ပေးခံခဲ့ရပြီး အာဆင်နယ် နည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းအတွက် (၁၄)ကြိမ်မြောက် အက်အေဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ ဂန်းနားနည်းပြဘဝ ပထမဆုံးနိုင်ပွဲအဖြစ် မန်ယူနိုက်တက်အသင်းကို (၂-၀)နဲ့ အနိုင်ယူခဲ့တဲ့ အာတေတာဟာ အခုဆိုရင်တော့ နိုင်ပွဲ (၁၀၀)ပြည့်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

အသင်းအတွက် အခုလို နိုင်ပွဲ ရာပြည့်အထိ စွမ်းဆောင်ပေးထားနိုင်ချိန်မှာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ နောက်ပိုင်းကတည်းက အသင်းနဲ့ အလှမ်းဝေးနေရတဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကိုပါ ပြန်လည် ရယူပေးနိုင်ဖို့ အလားအလာ တအားကောင်းလာခဲ့ပါတယ်။ နည်းပြ အာတေတာက လက်ရှိမှာ အာဆင်နယ်ကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးဆီ ပို့ဆောင်ထားခဲ့တဲ့အပြင် ဒုတိယနေရာက မန်စီးတီးအသင်းကိုလည်း (၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ တကယ်လို့သာ အာတေတာအနေနဲ့ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလားကို ရယူပေးနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် အမှတ်ပေးဆုဖလားကို ရယူနိုင်မယ့် အသက်အငယ်ဆုံးသော နည်းပြလည်း ဖြစ်လာပါလိမ့်မယ်။

Photo Credit : Sky Sports

ပေါ်တူဂီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ဂျိုဆေးမော်ရင်ဟိုက ချဲလ်ဆီးအသင်းကို စတင် ကိုင်တွယ်ချိန် အသက်(၄၂)နှစ်သာ ရှိသေးပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံထဲမှ အသက်အငယ်ဆုံး နည်းပြအဖြစ် စံချိန်တင်ထားပြီး ဒီစံချိန်ကို အာတေတာက ရိုက်ချိုးသွားနိုင်ဖို့ ပွဲအနည်းငယ်သာ ကျန်ရှိနေတော့တာပဲ ဖြစ်ပါတယ်။

Exit mobile version