မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဆုဖလား (၂) နှစ်ဆက် ရရှိခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်ကတော့ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲ မပြီးဆုံးဘဲနဲ့ ဆုဖလား ပေးမယ် ဆိုရင် သူ့အတွက် အဆင်ပြေပြီး အားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) နေရာကို ရရှိထားနေပေမဲ့လည်း အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၅) မှတ် ကွာဟနေတာကြောင့် နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို ကျော်ပြီး လိဂ်ဖလားရရှိဖို့က မဖြစ်နိုင်တာ ဖြစ်နေပါတယ်။

Photo Credit: Goal

အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနေတာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲ အပါအဝင် အင်္ဂလန်နိုင်ငံက ဘောလုံး ပြိုင်ပွဲ အားလုံးကို ဧပြီလ (၃၀) ရက်နေ့အထိ ရပ်နားထားပြီး ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲ ဆိုတာကို မသိရသေးတာပဲ ဖြစ်ပါတယ်။ မန်စီးတီး ကွင်းလယ် ကစားသမား ဂန်ဒိုဂန်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မပြီးဆုံးဘဲ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဆုဖလား ပေးရမယ် ဆိုရင် သူ့အတွက် အဆင်ပြေကြောင်း နဲ့ လီဗာပူးလ်အသင်းကို အားပေးမှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ZDF သတင်းမှာ ဂန်ဒိုဂန်က “လီဗာပူးလ်အသင်းကို ဆုဖလား ပေးလိုက်မယ်ဆိုရင် ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ သူတို့ကို အားပေးသွားမှာပါ”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ အသင်းငယ်တွေ ဆက်လက် ရပ်တည်နိုင်ဖို့ ကိုယ့်ရဲ့ လစာကို ပေးရမယ် ဆိုရင် အဆင်ပြေမလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “အဆင်ပြေပါတယ်။ ကျွန်တော်အတွက်က အဆင်ပြေပါတယ်။ သေချာတာပေါ့”လို့ အခိုင်အမာ ပြန်လည် ဖြေကြားသွားပါတယ်။ ဂန်ဒိုဂန်က “သီးခြားနေရတာက မလွယ်ဘူး ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့လည်း ဒါက ခြွင်းချက်အခြေအနေပဲလေ။ အချို့လူတွေဆိုရင် အပြင်ကို (၁၀) မိနစ်ကနေ (၁၅) မိနစ်ကြာ သွားဖို့ ကြောက်ကြပါတယ်။ မန်ချက်စတာမှာ ရာသီဥတု သာယာပါတယ်”လို့ ပြောခဲ့ပါတယ်။