MySport Myanmar

မန်စီးတီးနဲ့ စာချုပ်သစ် မချုပ်တော့ပဲ အလွတ်နဲ့ အသင်းပြောင်းတော့မယ့် ဂန်ဒိုဂန်

ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ရဲ့ ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဂန်ဒိုဂန်က မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် မချုပ်တော့ပဲ အသင်းပြောင်းတော့မယ်လို့ သိရပါတယ်။

အသက် ၃၂နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ကွင်းလယ်လူ ဂန်ဒိုဂန်က ၂၀၁၆ခုနှစ်မှာ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီး အတွက် ၇နှစ်တာ ကာလအတွင်းမှာ ပွဲပေါင်း ၃၀၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၀ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဂန်ဒိုဂန်က မန်ချက်စတာ စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို အသင်းကို ဖလား၃လုံး ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် သူနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က ယခုလ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး မန်ချက်စတာ စီးတီးက ဂန်ဒိုဂန်ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဂန်ဒိုဂန်ကတော့ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက လာမယ့် ဇွန်လ ၃၀ရက်နေ့မှာ အသင်းကို စွန့်ခွာကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းမယ့် ကစားသမား စာရင်းထဲကို ဂန်ဒိုဂန်အား ထည့်သွင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Football Espana

လက်ရှိမှာတော့ စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာ ၊ ပရီးမီးယားလိဂ် ဒုတိယဆုရှင် အာဆင်နယ်တို့ အပါအဝင် ဥရောပ နာမည်ကြီးအသင်း တချို့က ဂန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ထားပြီး ဂန်ဒိုဂန်က ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာ အတိအကျ မသိရသေးပါဘူး။

အတည်မပြုနိုင်သေးတဲ့ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် တချို့အရ ဘာစီလိုနာက ဂန်ဒိုဂန်ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။

Exit mobile version