ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်တွေကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်အထိပါ ရောက်ရှိခဲ့ရပါတယ်။ ဒါပေမယ့် ဒီနွေမှ အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဂန်ဒိုဂန်ကတော့ သူ့အနေဲ့ ဘာစီလိုနာကို ချန်ပီယံလိဂ်ဖလား ပြန်လည် ဆွတ်ခူးနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Reuters

   ဂျာမနီ ဝါရင့် ကွင်းလယ် ကစားသမား ဂွန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ချက်စတာ စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေတို့ပါ ဖလား (၃)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့ပြီးမှ အခုနွေမှပဲ ဘာစီလိုနာအသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဂွန်ဒိုဂန်က မန်စီးတီးနဲ့ သက်တမ်းတိုးတာ ဆော်ဒီတွေရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ရွေးချယ်တာ ဒါမှမဟုတ်လည်း ဂွာဒီယိုလာရဲ့ တပည့်ကျော် အာတေတာရဲ့ အာဆင်နယ်ကို ပြောင်းရွှေ့တာတို့ လုပ်ဆောင်နိုင်ပေမယ့် သူ အရမ်းကစားချင်နေတဲ့ ဘာစီလိုနာကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : FC Barcelona

   ဘာစီလ်ိုနာအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီးနောက် ဂွန်ဒိုဂန်က “ချန်ပီယံလိဂ်ပြိုင်ပွဲက တခြားသော ပြိုင်ပွဲတွေအားလုံးနဲ့ ကွဲပြားနေတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော့် အတွေ့့အကြုံအရ ပြောရမယ်ဆိုရင် ဒီဖလားကြီးကို ရယူဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် ဒီဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်လို့ ဒီဖလားကို ပိုင်ဆိုင်ဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ အကြောင်းအရာတွေကို ကျွန်တော့်အသင်းဆီ ထည့်သွင်းပေးနိုင်မယ်ဆိုတာ ကျွန်တော် သိထားတယ်။ ယုံလည်း ယုံကြည်ပါတယ်။”

Photo Credit : Marca

   “ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ဒီအပြောင်းအရွှေ့ကနေ အသင်းရဲ့ ပြန်လည် နိုးထမှု တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ဖို့ ကျွန်တော့်ကို အခွင်အရေး ပေးနေပါတယ်။ ဒါက ကစားသမားတိုင်း လိုချင်တဲ့ အရာပါ။ နောက်ပြီး ဘာစီလိုနာက ဥရောပမှာ ပြန်လည် တောက်ပဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့လည်း ကျွန်တော် ထင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာသာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ပြီး နောက်ပိုင်းနှစ်တွေအတွင်း ဆီမီးဖိုင်နယ်အဆင့်ထိသာ ရောက်ရှိနိုင်ခဲ့ပါတယ်။