လက်ရှိမှာ မန်စီးတီးအသင်းအတွင်း နည်းပြပတ်ဂွာဒီယိုလာနဲ့ တွဲဖက်ပြီး လုပ်ကိုင်နေလျက်ရှိသလို ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကလည်း ဒေါ့မွန်အသင်းမှာ လက်ရှိလီဗာပူးလ်နအသင်းကို ကိုင်တွယ်နေလျက်ရှိနေတဲ့ နည်းပြယာဂင်ကလော့နဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က သူ့အနေနဲ့ လက်ရှိဘောလုံးလောကရဲ့အထင်ရှားဆုံးသော နာမည်ကျော်နည်းပြနှစ်ယောက်နဲ့ သူရဲ့ဘောလုံးသမားဘဝကို အတူဖြတ်သန်းဖူးခဲ့ပြီး အဲ့ဒီနည်းပြနှစ်ယောက်ဆီကနေ ဘောလုံးပညာတွေကို သင်ယူခဲ့ဖူးတာကို တခြားသောကစားသမားတွေဘက်ကနေ မနာလိုချင်စိတ် ဖြစ်နိုင်လောက်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : All Football

အသက်၂၉နှစ်အရွှယ်ရှိပြီဖြစ်တဲဲ့ ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ၂၀၁၁ခုနှစ်က နုရင်ဘတ်အသင်းကနေ ကလော့ကိုင်တွယ်နေတဲ့ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ကလော့နဲ့အတူ ဒေါ့မွန်အသင်းမှာ ၄ရာသီအထိ အတူလက်တွဲပြီးနောက်မှာ ကလော့က အရင်ဆုံး ဒေါ့မွန်ကို စွန့်ခွာခဲ့ရင်းနဲ့ နောက်တစ်နှစ်အကြာမှာ ဂန်ဒိုဂန်ကလည်း ဒေါ့မွန်ကေနေ ဂွာဒီယိုလာရှိရာ မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အခု မော်ဒန်ဘောလုံးကရဲ့ အကျော်ကြာဆုံး နည်းပြနှစ်ယောက်လက်အောက်မှာ ပါဝင်ကစားခဲ့ဖူးတဲ့အပေါ် ဂန်ဒိုဂန်က “သူတို့နှစ်ယောက်လုံးက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြနှစ်ယောက်ပါ”

Photo Credit : En24News

“ကျွန်တော် သူတို့နှစ်ယောက်နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့အပေါ်မှာ အရမ်းကို နှစ်ထောင်းအားရမိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘောလုံးသမားအများစုက ကျွန်တော့်အပေါ်မှာ မနာလိုသဝန်တိုမှုတွေ ရှိနေကြမှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေမပိုင်ဆိုင်ခဲ့ဖူးတဲ့ အခွင့်အရေးကောင်းကို ကျွန်တော်ပိုင်ထားခဲ့လို့ပဲ။ သူတို့နှစ်ယောက်လုံးက ကျွန်တော့်နှလုံးသားထဲမှာ နေရာအပြည့်ယူထားမှာပါ။ သူတို့နှစ်ယောက်လုံးက ကျွန်တော့်ကို အများကြီးသင်ကြားပေးခဲ့သလို ဘဝမှာ အောင်မြင်မှုတွေရအောင်လည်း ပျိုးထောင်ပေးခဲ့ကြပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဂန်ဒိုဂန်ဟာ မန်စီးတီးကို မပြောင်းရွှေ့ခင်တုန်းက လီဗာပူးလ်အသင်းမှာ ယာဂင်ကလော့နဲ့ ထပ်မံလက်တွဲနိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း သူအနေနဲ့ကတော့ စိန်ခေါ်မှုအသစ်တွေကိုသာ ရင်ဆိုင်ချင်တာမို့ ကလော့နဲ့ ပြန်လည်လက်တွဲဖို့ထက် မန်စီးတီးမှာ ဂွာဒီယိုလာနဲ့ လက်တွဲဖို့ကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဂန်ဒိုဂန်က ဖွင့်ဟလာခဲဲ့ပါတယ်။