ဒီနွေဈေးကွက်အတွင်းမှာ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဂျာမနီ ကွင်းလယ်လူ ဂွန်ဒိုဂန်က သူ့အနေနဲ့ မန်စီးတီးအသင်းနဲ့ ဘာကြောင့် လက်တွဲဖြုတ်ခဲ့ရသလဲဆိုတာ ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။

စီးတီး အသင်းခေါင်းဆောင်အဖြစ် ပြီးခဲ့တဲ့ ဘောလုံးရာသီ Treble Champions ပါ ဖြစ်ခဲ့ရတဲ့ ဂွန်ဒိုဂန်က စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ စာချုပ်သက်တမ်းတိုးခြင်း မရှိပဲ ဘာစီလိုနာဆီသာ free transfer နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Planet Sport

“ဆွေးနွေးမှုတွေ တကယ် ပြင်းထန်လာတဲ့အထိ စီးတီးက အချိန်အတော်ကြာတဲ့အထိ စောင့်ဆိုင်းနေခဲ့တယ်။ အဲ့ဒါသာ စောစောစီးစီး ဖြစ်ခဲ့မယ်ဆိုရင် အခြေအနေတွေက မတူကွဲပြားသွားမှာပါ။ ဒါကြောင့် နောက်ဆုံးမှာတော့ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်ခဲ့ရတယ်။”

“ဘာစီလိုနာအသင်းမှာ ကစားရတာကလည်း ကျွန်တော်ရဲ့ ငယ်ဘဝ အိမ်မက်တစ်ခုပါပဲ။ အသေးစိတ် အချက်အလက်တွေအကြောင်းကိုတော့ ကျွန်တော် မပြောပြချင်ပါဘူး။ ဒါပေမယ့် ဒါက တော်တော်တော့ နောက်ကျသွားခဲ့တယ်။”

Photo Credit : Premier League

“ပက်ပ်ရဲ့ ကျွန်တော့်အပေါ် လေးစားမှုက အမြဲ ရှိနေခဲ့တယ်။ ဒါပေမယ့်လည်း ကလပ်ဘက်ကနေ အချိန်အတော်ကြာအောင် လှုပ်ရှားမှု မရှိခဲ့ပါဘူး။ မေလအထိတော့ ကျွန်တော့်အတွက် ပြောင်းလဲချင်တဲ့ အကြောင်းပြချက်က အနည်းငယ်လေးသာ ရှိနေခဲ့တယ်။”

“Treble က အံ့မခန်းတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီအောင်မြင်မှုက ကျွန်တော်ရဲ့ စာချုပ်ကိစ္စကိုတော့ မစီစဉ်နိုင်ခဲ့ပါဘူး။” လို့ ဂွန်ဒိုဂန်က ပြောဆိုလိုက်ပါတယ်။ အသက် (၃၂)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ဂွန်ဒိုဂန်က ၂၀၁၆ခုနှစ်ကတည်းက ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၃၀၄)ပွဲ ကစားခဲ့ရင်း ဂိုးပေါင်း (၆၀)အထိ သွင်းယူနိုင်ခဲ့ပါတယ်။