ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဂန်ဒိုဂန်ကတော့ ယခုနှစ် ဘောလုံးရာသီ အစကမှ သူတို့အသင်းဆီ ရောက်ရှိလာခဲ့ပေမယ့် အချိန်တို အတွင်းမှာပဲ အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး ဖြစ်လာတဲ့ အာလင်း ဟာလန်းဟာ တချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းထံ ရောက်ရောက်ချင်းမှာပဲ ချက်ချင်း အထိုင်ကျခဲ့သလို အသင်းအတွက် သွင်းဂိုးတွေကို တရစပ် သွင်းယူပေးထားပါတယ်။

Photo Credit: Metro

ဟာလန်းက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဒီရာသီမှာ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ ဂန်ဒိုဂန်က ဟာလန်းဟာ ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး ဟာလန်းမှာ သာမန် ကစားသမားတွေနဲ့ မတူညီတဲ့ ထူးခြားအရည်အသွေးတွေ ရှိနေကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Metro

ဂန်ဒိုဂန်က – “ဟာလန်းမှာ သူမတူတဲ့ အရည်အသွေးတွေ ရှိပါတယ်။ ဒါကိုလည်း ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ ဟာလန်း ရောက်လာတာကြောင့် ကျွန်တော်တို့အသင်းက အတော်လေးကို တိုးတက်လာခဲ့ပါတယ်။ သူက အသင်းရဲ့ ကစားကွက်ပိုင်း တိုးတက်လာအောင် ကူညီပေးနေပါတယ်။ ဒါတင်မကသေးပါဘူး။ ဟာလန်းရဲ့ အသေးစိတ် ပြင်ဆင်မှုတွေ ၊ ဆုံးဖြတ်ချက်တွေ ၊ စိတ်ပိုင်းဆိုင်ရာတွေ အားလုံးက တမူထူးခြားပါတယ်။ အကောင်းဆုံးအချက်က သူဟာ အတော်လေးကို နှိမ့်ချပြီး နေတတ်တဲ့ ကစားသမား ဖြစ်နေတာပါ။ သူက အခုလိုမျိုး ခြေစွမ်းတွေ ပြနေနိုင်အောင် ၊ အခုထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးတွေ ရလာအောင် အလုပ်ကြိုးစားရမယ် ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ ဒီအချက်တွေ အားလုံးကို ပေါင်းလိုက်ရင် သူက ဒီထက် ပိုပြီး ကောင်းလာဦးမယ် ဆိုတာ ရဲရဲကြီး ပြောနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်ကတော့ ဟာလန်းဟာ ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိတဲ့ ကစားသမားလို့ ထင်တာပါ” ဆိုပြီး ချီးကျူးသွားခဲ့တာပါ။