ဂျာမဏီအသင်းနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဂန်ဒိုဂန်ကတော့ သူတို့ ဂျာမဏီအသင်းဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၃-၃ ဂျာမဏီ ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်နဲ့ ဂျာမဏီတို့က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံး ကစားရတဲ့ နိုင်ငံတကာပွဲ အဖြစ် အင်္ဂလန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဂျာမဏီက ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် အင်္ဂလန်ရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကြောင့် ၃ဂိုး အထိ ပြန်ပေးခဲ့ရပြီး ကိုင် ဟားဗက်ရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ အဝေးကွင်းမှာ မရှုံးခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Bein Sports

အဆိုပါပွဲစဉ်မှာ အင်္ဂလန်အတွက် သွင်းဂိုးတွေကို လုခ်ရှော ၊ မေဆန်မောင့်နဲ့ ဟယ်ရီကိန်းတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး ဂျာမဏီအတွက် သွင်းဂိုးတွေကိုတော့ ဂန်ဒိုဂန်က ၁ဂိုးနဲ့ ကိုင် ဟားဗက်က ၂ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

နေးရှင်းလိဂ်ပြိုင်ပွဲ အပြီးမှာတော့ ဂန်ဒိုဂန် အပါအဝင် ဂျာမဏီအသင်းသားတွေက လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်နေကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီရဲ့ ကွင်းလယ်ကို အဓိက ဦးဆောင်ရမယ့် ဂန်ဒိုဂန်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ထက် သိသိသာသာ ကောင်းနေတဲ့ အသင်းကြီးမျိုး မရှိတာကြောင့် သူတို့အသင်းဟာလည်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်နိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

Photo Credit: Bein Sports

ဂျာမဏီရဲ့ ကမ္ဘာ့ဖလားအိမ်မက်နဲ့ ပတ်သတ်ပြီး ဂန်ဒိုဂန်က – “ကျွန်တော်တို့အသင်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ ဆိုတာဟာ မဖြစ်လာနိုင်တဲ့ အရာတခု မဟုတ်ပါဘူး။ သေချာတာက ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ ဆိုရင် အတော်လေးကို ကြိုးစား အားထုတ်ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထက် အများကြီး ပိုကောင်းတဲ့ အသင်း ဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အားလုံးသာ အမြင့်ဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားရင် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာနိုင်ချေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေ့ပွဲမှာလို အမှားအယွင်းတွေ အများကြီးကို ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးမှာ ကျူးလွန်မိလို့ မရပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။