MySport Myanmar

မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန် အာဆင်နယ်ကို ပြောင်းရွှေ့ဖွယ်ရှိလို့ သတင်းထွက်ပေါ်

ဗြိတိန်ရဲ့သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Daily Star Sunday ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းရဲ့ ဂျာမနီ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ မန်စီးတီးက ထွက်ခွာပြီး မန်စီးတီး လက်ထောက်နည်းပြဟောင်း အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၁)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအတွက် ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ (၄)ကြိမ် လိဂ်ဖလား (၄)ကြိမ် အက်အေဖလား (၁)ကြိမ် ကွန်မြူနတီဒိုင်း (၂)ကြိမ်အထိ အောင်မြင်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ပွဲစဉ်(၃၈)မှာလည်း သူရဲ့ချေပဂိုး ပွဲသိမ်းအနိုင်ဂိုးတွေနဲ့ မန်စီးတီးအသင်းကို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂန်ဒိုဂန်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှာ သူနဲ့ မန်စီးတီးအသင်းတို့ကြားက စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို လက်ရှိအချိန်ထိလည်း စာချုပ်ကိစ္စက တိုးတတ်မှု မရှိသေးပဲ ဆက်လက်ဆွေးနွေးနေဆဲသာ ရှိနေပါတယ်။

Photo Credit : TEAMtalk

ဒီလို စာချုပ်ကိစ္စ လိပ်ခဲတည်းလည်း ဖြစ်နေရတဲ့ ကွင်းလယ်လူ ဂန်ဒိုဂန်ကို ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြဟောင်း အာတီတာက အာဆင်နယ်အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး တကယ်လို့ မန်စီးတီးအသင်းအနေနဲ့ ဂန်ဒိုဂန်ကို သက်တမ်းတိုးဖို့ အဆင်မပြေနိုင်တော့ဘူးဆိုရင် အခုနွေစျေးကွက်မှာပဲ cut-price တန်ကြေးနဲ့ ထုတ်ရောင်းရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူချင်နေတဲ့ အာဆင်နယ်အသင်းက ဂန်ဒိုဂန်ကို ခေါ်ယူဖို့ အခြေအနေကောင်းနေပြီလို့ Daily Star ကနေ ဖော်ပြလာခဲ့ပြီး မန်စီးတီးအသင်းကလည်း အသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်ကစားသမားကြီး ဖာနန်ဒင်ဟိုနဲ့ စာချုပ်ကိစ္စ မရေမရာ ဖြစ်လို့နေတဲ့ ဂန်ဒိုဂန်ရဲ့နေရာမှာ ဖရန့်ကီဒီဂျောင် ကယ်လ်ဗင်ဖီးလစ် ဒစ်ကလန်ရိုက်စ်တို့လို ကွင်းလယ်လူတွေနဲ့ ပြန်လည်အစားထိုးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရ နည်းပြအာတီတာဟာ ဂန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ကွင်းလယ်ပိုင်းထက် တိုက်စစ်နေရာမှာပါ ပြောင်းလဲအသုံးပြုဖွယ်ပါ ရှိနေတယ်လို့ သိရှိရပါတယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း (၄၃)ပွဲအထိကို ပါဝင်ကစားထားခဲ့တဲ့ ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေတော့လို့ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ထားခဲ့ရတဲ့ အာဆင်နယ်အသင်းထက် ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတစ်သင်းသင်းကိုပဲ ရွေးချယ်ဖွယ် ရှိနိုင်ပါတယ်။

Exit mobile version