မန်ချက်စတာ စီးတီးအသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဂွန်ဒိုဂန်က သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ ပြေးလမ်းမှာ ဆက်လက် ရှိနေနိုင်ဖို့အတွက် ဒီတစ်ပတ် လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ လီဗာပူးလ်ကို မဖြစ်မနေ အနိုင်ယူသွားရမယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လတ်တလောမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၃)ပွဲဆက်တိုက် ရှုံးပွဲဆက်မှုနဲ့အတူ ဇယားထိပ်ဆီ ရောက်ရှိနေတဲ့ အာနယ် ဆလော့ရဲ့ လီဗာပူးလ်အသင်းနဲ့ (၈)မှတ်အထိတောင် ကွာဟနေရပါတယ်။ မန်စီးတီးက နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ (၆)ပွဲဆက်တိုက်အထိလည်း နိုင်ပွဲတွေ ပျောက်ဆုံးနေရပါသေးတယ်။
Photo Credit : GiveMeSport
နိုဝင်ဘာ တစ်လလုံး လုံးဝ နိုင်ပွဲမရှိခဲ့တဲ့ မန်စီးတီးက ဒီဇင်ဘာ (၁)ရက်နေ့မှာပဲ လီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်ပြီး အဲ့ဒီပွဲမှာသာ ရှုံးနိမ့်လိုက်မယ်ဆိုရင် (၁၁)မှတ်အထိတောင် အမှတ်က အရမ်းကွာဟသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲက မန်စီးတီးအတွက်တော့ အတော်လေးကို အရေးပါတဲ့ ပွဲလည်း ဖြစ်နေရပါတယ်။
ဒီပွဲနဲ့ ပတ်သက်ပြီး မန်စီးတီး ကွင်းလယ်လူ ဂွန်ဒိုဂန်က “ချန်ပီယံပြေးလမ်းပေါ်မှာ ဆက်ပြီး ရှိနေဖို့အတွက် ဒီပွဲက မဖြစ်မနေ အနိုင်ယူရမယ့်ပွဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ (၁၁)မှတ်သာ ကွာဟသွားမယ်ဆိုရင် ဒါက ကွာဟချက် ကြီးမားသွားပါမယ်။ ဘောလုံးရာသီက အစပိုင်းပဲ ရှိနေပါသေးတယ်။ ကစားရမယ့်ပွဲတွေလည်း အများကြီး ရှိပါသေးတယ်။”
Photo Credit : Football365
“ကျွန်တော်တို့အသင်းဘက်တင် မဟုတ်ဘဲ တခြားအသင်းတိုင်းမှာလည်း အများကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်အသင်းကိုပဲ ကြည့်ပြီးတော့ တက်နိုင်သမျှ မြန်နိုင်သမျှ ပိုကောင်းအောင် ကြိုးစားရမယ်ဆိုတာ ထင်ရှားပါတယ်။ ခက်ခဲမယ့် ပွဲတစ်ပွဲအတွက် တက်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်သွားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းကတော့ နည်းပြသစ် ဆလော့လက်ထက်မှာ နော်တင်ဟမ် ဖောရက်စ်တစ်သင်းတည်းကိုသာ အရှုံးပေးထားခဲ့ရပြီး ကျန်တဲ့ ပွဲတိုင်းမှာ အနိုင်ယူထားသလို ချန်ပီယံလိဂ်မှာ လက်ရှိ ချန်ပီယံ ရီးယဲလ် မက်ဒရစ်ကိုပါ (၂)ဂိုးပြတ်နဲ့ အနိုင်ယူထားရင်း ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တစ်သင်းတည်းသော ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ အသင်းအဖြစ်ပါ ရပ်တည်နေပါတယ်။