ချဲလ်ဆီး ကစားသမားဟောင်း ရုဒ် ဂူးလစ်ကတော့ ယနေ့ည ကစားရမယ့် ချန်ပီယံလိဂ် (၁၆) အဆင့် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ချဲလ်ဆီးအသင်းကို အနိုင်ရမယ်လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယနေ့ည (၂း၃၀) အချိန်မှာတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ ဘိုင်နယ်မြူးနစ်အသင်းကို ဧည့်ခံကစားရမှာပဲ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းမှာ ဘိုင်ယန် အသင်းကို ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ကိုဗက်ကို ထုတ်ပယ်ပြီး နည်းပြ ဖလစ်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာ အောင်မြင်မှုတွေကို တစ်ပွေ့တစ်ပိုက် ပြန်လည် ရရှိခဲ့ပါတယ်။ ဘိုင်နယ်အသင်းဟာ နောက်ဆုံး ကစားသွားတဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ပါဒါဘွန်းအသင်းကို (၃-၂) နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေး ဇယားရဲ့ အဆင့် (၁) နေရာမှာ ရပ်တည်လျက် ရှိပါတယ်။ ချဲလ်ဆီးအသင်း နဲ့ ဘိုင်နယ်အသင်းတို့ဟာ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြတာ ဖြစ်ပေမဲ့ ဂူးလစ်က ဥရောပ ပြိုင်ပွဲမှာ ဘိုင်ယန်အသင်းက အနိုင်ရမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ဂူးလစ်က “ကျွန်တော် ချဲလ်ဆီးအသင်းနဲ့ နီးစပ်တဲ့ အဆက်အသွယ်မရှိတော့ပါဘူး။ အခုတော့ ကျွန်တော် နယ်သာလန်နိုင်ငံမှာ နေထိုင်နေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ကျွန်တော် ချဲလ်ဆီးအသင်းနဲ့ ပက်သက်တဲ့ အကြောင်းတွေကို နားစွင့်နေဆဲပါပဲ။ ကျွန်တော် သူတို့တွေကို အနိုင်ရစေချင်ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းက အနိုင်ရဖို့ ရေပန်းစားနေကြပါတယ်။ ကျွန်တော် လက်ရှိရာသီ မစခင်မှာ ဘိုင်နယ်မြူးနစ်အသင်းက ချန်ပီယံလိဂ်ကို ရရှိနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဘိုင်ယန်အသင်းက လက်ရှိရာသီမှာ ပြဿနာတွေ ရှိခဲ့သလို ဒဏ်ရာတွေပါ အများကြီး ရှိခဲ့ပါတယ်။ အခု သူတို့က ပထမဆုံး အခက်အခဲကို ရင်ဆိုင်ရတော့မှာပါ။ ဒါပေမဲ့ သူတို့က အသင်းကောင်းပါ။ ဆုဖလား ရနိုင်တဲ့ အသင်း တစ်သင်းပါ”လို့ ပြောကြားခဲ့ပါတယ်။