နယ်သာလန် ဂန္တဝင် ဘောလုံးသမားကြီး ရုဒ် ဂူးလစ် ကတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ အာလင်း ဟာလန်းကို အမိအရ ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် နော်ဝေ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိမှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်မှာ ကစားနေသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Mail

အာလင်း ဟာလန်းဟာ ဥရောပ ဘောလုံးစင်မြင့်ပေါ်ကို ရောက်ရှိလာတာ မကြာသေးပေမယ့် သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းကို အကောင်းမွန်ဆုံး သက်သေပြထားနိုင်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ အင်အားကြီး အသင်းတွေ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ ပီအက်စ်ဂျီ ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေ အားလုံးဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ စတင် ချိတ်ဆက်နေကြပြီး ဟာလန်းရဲ့ စာချုပ် ဖျက်သိမ်းကြေး ကတော့ ယူရို ၇၅သန်း ရှိပါတယ်။

Photo Credit: Mail

နယ်သာလန် ဂန္တဝင် ကစားသမား ဖြစ်သလို သူ့ခေတ် သူ့အခါမှာ အအောင်မြင်ဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ရုဒ်ဂူးလစ် ကတော့ အာလင်း ဟာလန်းဟာ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ကစားသမား တဦး အဖြစ် ယူဆနေပြီး လီဗာပူးအနေနဲ့ အာလင်း ဟာလန်းကို ခေါ်ယူသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်း အကြံပေးလိုက်ပါတယ်။

ဂူးလစ်က – “ကျွန်တော်က ဟာလန်းအနေနဲ့ အင်္ဂလန်ကို ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူက မန်ချက်စတာ ယူနိုက်တက်ဆီတော့ မပြောင်းလောက်ပါဘူး။ ဂွာဒီယိုလာ ရှိနေတာကြောင့် မန်ချက်စတာ စီးတီးက သူ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလော့ပ် ရှိနေတဲ့ လီဗာပူးကလည်း သူ့အတွက် သင့်တော်တဲ့ ရွေးချယ်မှုပါပဲ။ လီဗာပူးမှာ ကလော့ပ် စွမ်းဆောင်ပြခဲ့တာတွေက တကယ်ကို မယုံနိုင်စရာ ကောင်းပါတယ်။ သူက အမြဲတမ်း အောင်မြင်မှုတွေကို ဆာလောင်နေတဲ့သူပါ။ ဒါကြောင့် သူနဲ့ ဟာလန်းက လိုက်ဖက်ညီပါတယ်။ စပိန်မှာဆိုရင်တော့ ဟာလန်းအတွက် တခုထဲသော ရွေးချယ်စရာက ရီးရဲလ်မက်ဒရစ်ပါပဲ။ အခုချိန်မှာတော့ ဒီသုံးသင်းကပဲ ဟာလန်းနဲ့ သင့်တော်တဲ့ အသင်းတွေလို့ မြင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။