စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဂူလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၄-၀ ဆဲလ်တာဗီဂို ပွဲစဉ်မှာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ် တူရကီလက်ရွေးစင် လူငယ်ကြယ်ပွင့် အာဒါ ဂူလာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီ ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့အတွက် ဖီနာဘာချီထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

အာဒါ ဂူလာက နွေဈေးကွက် အတွင်းမှာ ဥရောပ ထိပ်သီးကလပ် အများအပြားရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေကလည်း ဂူလာဟာ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို မီဆွတ် အိုဇေးလ်လိုမျိုး အသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘယ်ခြေအားသန် ကွင်းလယ်တိုက်စစ် ကစားသမား ဂူလာက အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိပြီးနောက် ဒဏ်ရာပြဿနာ တချို့နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းအတွက် ပွဲတွေ များများစားစား မကစားပေးရသေးပဲ ယခုနှစ် ရာသီမှာ စုစုပေါင်း ၉၃မိနစ်သာ ပါဝင် ကစားခွင့် ရထားပါတယ်။

Photo Credit: Goal

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၄-၀ ဆဲလ်တာဗီဂို ပွဲစဉ်မှာလည်း ဂူလာက ပွဲချိန် ၈၉မိနစ် ရောက်မှ အသင်းဖော် ကာမာဗင်ဂါနဲ့ လူစားလဲ ဝင်ရောက် ကစားခွင့် ရခဲ့ပေမယ့် ကွင်းထဲကို ရောက်အပြီး ၅မိနစ် အကြာမှာပဲ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို အလှပဆုံး သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အာဒါ ဂူလာက – “ကျွန်တော်က ရီးရဲလ်မက်ဒရစ် အတွက် ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံးကလပ်ပါ။ အခုချိန်မှာ ကျွန်တော်က ကစားခွင့် ရဖို့ ရုန်းကန်နေရပေမယ့် ကျွန်တော့်မှာ ရှိတဲ့ အရည်အချင်းကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပွဲပြီးအင်တာဗျူးမှာ သူ့ရဲ့ ခံစားချက်တွေကို ပရိသတ်တွေ သိအောင် ဝေမျှပေးသွားခဲ့ပါတယ်။