တူရကီ ထိပ်သီးကလပ် ဖီနာဘာချီရဲ့ လူငယ်ကြယ်ပွင့် အာဒါ ဂူလာက စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို တပြိုင်နက်ထဲ ရရှိခဲ့ချိန်မှာ ဘာစီလိုနာကို ငြင်းပယ်ကာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ တူရကီ လူငယ်ကြယ်ပွင့် အာဒါ ဂူလာက ဖီနာဘာချီရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဂူလာဟာ ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Sporting News

အာဒါ ဂူလာဟာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ဂန္တဝင် ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ မီဆွတ် အိုဇေးလ်ရဲ့ ချီးကျူးမှုတွေကို ရရှိထားသူ ဖြစ်ပြီး အိုဇေးလ်က အာဒါ ဂူလာဟာ သူ့ထက် ပိုကောင်းတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားခဲ့ပါတယ်။

အိုဇေးလ်ရဲ့ ဟောကိန်းကြောင့်ပဲ စပိန် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က အာဒါ ဂူလာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပြီး နှစ်သင်းစလုံးက ဂူလာအတွက် တရားဝင် ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit: Goal

ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ထက် အရင် ဂူလာကို ချဉ်းကပ်ကာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဂူလာကတော့ သူ့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်သူ အိုဇေးလ်ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း တူရကီ နာမည်ကြီး သတင်းထောက်တွေက ဆိုပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အာဒါ ဂူလာကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ခေါ်ယူဖို့ ဖီနာဘာချီနဲ့ သဘောတူညီမှု ရရန် နီးစပ်နေပြီး ဂူလာကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ယခုတပတ်ထဲမှာပဲ ဂူလာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။