ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ပြင်သစ် လီဂူးဝမ်းကလပ် လိုင်ယွန်ကနေ နယူးကာဆယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ဂွီမာရေးစ် ကတော့ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ဖလား ရအောင် ကြိုးပမ်းဖို့က သူ့ရဲ့ ပစ်မှတ် ဖြစ်ကြောင်း နယူးကာဆယ် ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာတင် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ဂွီမာရေးစ်ဟာ ပြင်သစ် လီဂူးဝမ်းရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၃ဦး စာရင်းဝင်သူ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အတွက် အာဆင်နယ်နဲ့ ဂျူဗင်တပ်တို့လို ထိပ်တန်းအသင်းတွေက စိတ်ဝင်စားခဲ့ကြပါသေးတယ်။

Photo Credit: Sky Sports

ဒါပေမယ့် အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ဓနအင်အားကို အသုံးပြုကာ ဥရောပရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်က ဂွီမာရေးစ်ကို လက်ဦးမှု ရယူပြီး ခပ်မြန်မြန်ပဲ ခေါ်ယူခဲ့ပါတယ်။

ဂွီမာရေးစ် ကတော့ နယူးကာဆယ်ရဲ့ စီမံကိန်းတွေကို သဘောကျတာကြောင့် နယူးကာဆယ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး သူက အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်အောင် ပစ်မှတ်ထား ကြိုးစားဖို့ ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂွီမာရေးစ်က – “ကျွန်တော်က ပွဲတိုင်းကို အနိုင်ရချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပစ်မှတ်ပဲ။ ကျွန်တော်က ရှုံးပွဲတွေ ကြုံရတာ မကြိုက်ဘူး။ ဒါကြောင့် နိုင်ပွဲတွေ ရအောင် ကွင်းတွင်းမှာရော ၊ ကွင်းပြင်မှာပါ အကောင်းဆုံး ကြိုးစားလေ့ ရှိပါတယ်။ ကျွန်တော်က နိုင်ပွဲတွေကို နှစ်သက်ပါတယ်။ ပြီးတော့ နယူးကာဆယ်က ကျွန်တော့်ကို ချပြခဲ့တဲ့ စီမံကိန်းအရ မကြာခင်မှာ ကျွန်တော်တို့က ကြီးကျယ်တဲ့ အသင်းတသင်းကို ပိုင်ဆိုင်ခွင့် ရတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေက နိုင်ပွဲတွေကို ရချင်တယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကိုလည်း အရယူချင်ပါတယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။

နယူးကာဆယ်ဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ဂွီမာရေးစ်အပြင် ထရစ်ပီယာ ၊ ခရစ်ဝုဒ် ၊ တားဂတ် ၊ ဒန်နီရယ်ဘန်း စတဲ့ ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားပါတယ်။