MySport Myanmar

နယူးကာဆယ်က အာဆင်နယ်ထက် ပိုမြင့်မားတဲ့အသင်း ဖြစ်လာလိမ့်မယ်လို့ ဂီမာရေ့စ်ပြောဆို

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း လိုင်ယွန်အသင်းကနေ နယူးကာဆယ်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဘရူနိုဂီမာရေ့စ်က သူရဲ့အသင်းသစ် နယူးကာဆယ် သူ့ကို အလိုရှိခဲ့ဖူးတဲ့ အာဆင်နယ်အသင်းထက် ပိုမိုမြင့်မားတဲ့ ကလပ်အသင်း တစ်သင်းဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ကစားသမား ဂီမာရေ့စ်ဟာ အရည်အသွေးကောင်းတဲ့ တောင်အမေရိက ကစားသမားတစ်ဦး ဖြစ်သလို လိုင်ယွန်အသင်းရဲ့ အရေးပါတဲ့ ကစားသမားလည်း ဖြစ်နေပါတယ်။ ဒီကစားသမားကို ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြသလို အာဆင်နယ်အသင်းကလည်း အလိုအရှိဆုံး ဖြစ်ခဲ့ပေမယ့် ဆောင်းစျေးကွက်ထဲ ငွေသုံးစွဲမှု ခပ်ကြမ်းကြမ်းတွေ လုပ်ဆောင်ထားတဲ့ နယူးကာဆယ်အသင်းက အာဆင်နယ်အပါအဝင် အခြားအသင်းတွေထက် လက်ဦးမှု ရယူပြီး ဂီမာရေ့စ်ကို အလျင်အမြန် ခေါ်ယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Newcastle United

နယူးကာဆယ် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဂီမာရေ့စ်ကို ဗြိတိန်သတင်းစာ The Guardian သတင်းစာကနေ သူရဲ့အသင်းသစ် အနေနဲ့ အာဆင်နယ်အသင်းထက် ပိုကြီးမားတဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်မလားလို့ မေးမြန်းခဲ့ရာ ဂီမာရေ့စ်က “အသေအချာပါပဲ။ နယူးကာဆယ်က ကြီးကျယ်ခမ်းနားတဲ့ အစဉ်အလာတွေနဲ့ ကြီးမားတဲ့ သမိုင်းမှတ်တမ်းကောင်းတွေ ရှိထားတဲ့ ကလပ်အသင်းပါ။ ဒီကို ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း သံသယဝင်စရာ မရှိပါဘူး။ ကျွန်တော်နဲ့ပတ်သက်ပြီး အသင်းပိုင်ရှင်တွေ ပြောပြထားတဲ့ ပရောဂျက်တွေကိုလည်း ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့အသင်းက ကမ္ဘာ့ဘောလုံး နယ်ပယ်ထဲမှာ အားအရမ်းကောင်းတဲ့ အသင်းကြီး ဖြစ်လာတော့မှာပါ။ ဒီရာသီက ပရီးမီးယားလိဂ်မှာ ဆက်လက်ကျန်ရှိနေနိုင်ဖို့ ရည်ရွှ့ယ်ထားမှာ ဖြစ်ပေမယ့်လည်း နောင်လာမယ့် နှစ်တွေမှာဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးအထိ ပါဝင်ကစားရဖို့နဲ့ ချန်ပီယံလိဂ်ဖလားကြီးကိုပါ ဆွတ်ခူးနိုင်ဖို့အထိ ရည်မှန်းချက် ထားလာမှာပါ” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ ဂီမာရေ့စ်အပါအဝင် ထရစ်ပီယာ ခရစ္စဝုဒ် ဒန်ဘမ်းနဲ့ တားဂတ်တို့ကို ခေါ်ယူထားတဲ့ နယူးကာဆယ်အသင်းအနေနဲ့ ဒီရာသီမှာ တန်းမဆင်းသွားရရေးအတွက် လက်ကျန်ပွဲစဉ်တွေကို သတိထား ယှဉ်ပြိုင်သွားဖို့ လိုအပ်နေပြီး အမှတ်တွေ ရနိုင်သလောက် စုဆောင်းသွားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version